ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးတွင် “နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN)” ဖွဲ့စည်းရန် ဆွေးနွေးလျက်ရှိကြောင်း UNFC က ပြောသည်။
အဆိုပါအဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖွဲ့စည်းခြင်းဖြစ်ပြီး UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ခုမှ ကိုယ် စားလှယ်များ ပါရှိမည် ဖြစ်ကြောင်း UNFC ၏ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က သတင်းထောက်များကို ပြောသည်။
ခူဦးရယ်က“ကျနော်တို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုတဲ့ အခါကြတော့ ငြိမ်းချမ်းရေးရအောင် ဒီကိုယ်စားလှယ်အဖွဲ့က လက်ရှိ အစိုးရနဲ့ရော တက် လာမယ့် အစိုးရနဲ့ပါ မလွဲမသွေ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးရမှာလေ။ တခြားနိုင်ငံရေးပါတီတွေနဲ့လည်း ညှိနှိုင်းဆွေးနွေး အဖြေရှာရမှာတွေလည်း ရှိကောင်း ရှိမှာပေါ့”ဟု ပြောသည်။
သူက ဆက်၍“လုပ်ငန်းစဉ်တွေကတော့ သတ်သတ်မှတ်မှတ် အစိုးရနဲ့ တပ်မတော်ပဲ ဆွေးနွေးရမယ်တော့ မဟုတ်ဘူး။ လိုအပ်လာလို့ ဘယ်သူနဲ့ပဲ ဆွေးနွေးရ၊ ဆွေးနွေးရ ဒီအဖွဲ့က တာဝန်ယူပြီး တွေ့ဆုံ ဆွေးနွေးရမှာပေါ့”ဟု ပြောသည်။
UNFC တွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ပြုလုပ်ထားသော ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များ ဖြစ်သည်။
UNFC တွင် ပါဝင်သော အဆိုပါအဖွဲ့များသည် NCA စာချုပ်ကို ရေးဆွဲ၊ ညှိနှိုင်းရာတွင် အစအဆုံး ပါဝင်ခဲ့ကြသော်လည်း ဦးသိန်းစိန် အစိုးရက တိုက်ပွဲ ဖြစ်ပွားနေဆဲ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တချို့အား ချန်လှပ်ခဲ့သောကြောင့် လက်မှတ် မရေးထိုးဖြစ်ခဲ့ဘဲ ကျန်ရှိနေခြင်းဖြစ်သည်။
ထိုအချိန်တွင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရသစ် ဖြစ်လာတော့မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကလည်း “တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး”ကို လုပ်ဆောင်မည်ဟု ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း၏ အဓိကအခန်းတွင် ဖော်ပြခဲ့သည်။
ထို့ပြင် NLD က လွှမ်းမိုးထားသည့် ပြည်သူ့လွှတ်တော်တွင်လည်း အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် “တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ”ကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဖွဲ့စည်းလိုက်ပြီး ထိုအထဲတွင် တိုင်းရင်းသား အမတ်အများစု ပါဝင်ပြီး တပ်မတော်သား ကိုယ်စားလှယ်တဦးလည်း ပါဝင်သည်။
NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်နက်ကိုင်ပဋိပက္ခ အမြန်ဆုံး ဖြေရှင်းရေးကို လိုလိုလားလား ရှိသည်ဟု မြင်ကြောင်း၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရာတွင်လည်း ထိုကိစ္စရပ်ကို ဆွေးနွေးလိမ့်မည်ဟု ယုံကြည်ကြောင်း UNFC ၏ ဒုတိယ ဥက္ကဌ နိုင်ဟံသာက ပြောသည်။
UNFC အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ထိုအစည်းအဝေးတွင် ရွေးကောက်ပွဲအပြီး အစိုးရအပြောင်းအလဲတွင် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ အဖွဲ့ဝင်အသစ် လျှောက်ထားမှု စိစစ်ခြင်းနှင့် လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် RCSS/SSA နှင့် PSLF/TNLA တို့အကြား ကြားဝင် ဖြေရှင်းရေး ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။