ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ခု ဖြစ်သည့် RCSSနှင့် TNLA တို့၏ ပဋိပက္ခ ပြေလည်ရေးအတွက် “ညှိနှိုင်းဖြေရှင်းရေး အဖွဲ့”ကို ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်လျက်ရှိသော UNFC အစည်းအဝေးက ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ပြီး “ညှိနှိုင်းဖြေရှင်းရေးအဖွဲ့”တွင် UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာ(MNSP)၊ ဗိုလ်ချုပ် ဂွန်မော်(KIO)၊ ဗိုလ်ချုပ် ဘီထူး(KNPP)၊ ဗိုလ်မှူးချုပ် စဝ်စိုင်းထူး(SSPP/SSA)နှင့် ဦးထွန်းဇော်(ANC) တို့ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် စဝ်စိုင်းထူးက“နှစ်ဘက် သဘောတူပြီးတော့ စစ်ရပ်စဲရေး လုပ်ဖို့ ဒါက အဓိကပေါ့။ လူထုလည်း ထိခိုက်နစ်နာမှု မရှိအောင်ပေါ့ဗျာ။ RCSS ရော TNLA ရော နှစ်ဖွဲ့လုံးက တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြပါတယ်။ အမြန်ဆုံး တွေ့နိုင်အောင်တော့ ကြိုးစားမှာပါ”ဟု သတင်းထောက်များကို ပြောသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က စတင်ပြီး ၂ လကျော် အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသခံလူထု ၃၀၀၀ ကျော် အိုးအိမ်များ စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလှုံနေရသဖြင့် အဆိုပါ ပဋိပက္ခကို ပြည်တွင်း၊ ပြည် ပ စိုးရိမ်မှုများ ဖြစ်လာကြသည်။ ယခုလ ၁၇ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်တွင် တိုက်ပွဲများ ရပ်စဲရေးအတွက် အရေးပေါ် အဆိုတင်းသွင်းခဲ့ရသည်။
RCSS/SSA နှင့် PSLF/TNLA အကြား ပဋိပက္ခ အမြန်ဆုံး ပြေလည်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သော်လည်း ယင်းပဋိပက္ခသည် နက်နဲသည့် အခြေအနေများရှိသောကြောင့် အချိန်တိုအတွင်း ရပ်တန့်သွားလိမ့်မည်ဟု မျှော်လင့်မထားကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ် က ပြောသည်။
ခူဦးရယ်က“ပကတိ မြေပြင်က အခြေအနေတွေကို ကြည့်လိုက်ပါ။ ကျနော်တို့ အပေါ်ယံပဲ မြင်ပြီးတော့ သုံးသပ်လို့မရဘူး။ သတင်းတွေမှာ ရေးသလို အရမ်း ကြီးလွယ်မယ်လို့ မထင်ပါနဲ့။ ညှိနှိုင်း၊ ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အရမ်းခက်ခဲတယ်။ ဘာကြောင့်လဲဆိုရင် အဖွဲ့အစည်းတိုင်းမှာ သူ့ဆိုင်ရာ ဆိုင်ရာ ကိုယ်စီ အကြောင်းပြချက်၊ အကြောင်းတရားတွေ အများကြီး ရှိကြတယ်။ ကျနော်တို့ မသိ၊ မမြင်တဲ့ အကြောင်းအရာတွေရှိတယ်။ လူသိရှင်ကြား ပြောလို့မရတဲ့ အခြေခံ အကြောင်း တရားတွေ ရှိနိုင်တယ်”ဟု သတင်းထောက်များကို ပြောသည်။
RCSS/SSA အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ဖြစ်ပြီး UNFC အဖွဲ့ဝင် ဖြစ်သည့် PSLF/TNLA အဖွဲ့သည် NCA ကိုလက်မှတ်မရေးထိုးရသေးသည့် အဖွဲ့ဖြစ်သည်။ PSLF/TNLA အဖွဲ့သည် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွား နေသကဲ့သို့ အစိုးရတပ်မတော်နှင့်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ထို့အပြင် ယနေ့အစည်းအဝေးတွင် UNFC အနေဖြင့် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တွေ့ဆုံဆွေးနွေးမည့် ကိစ္စကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော UPWC က ယခုလ ၂၂ ရက်နေ့နောက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့နှင့် တွေ့ဆုံရန်ရှိပြီး ထိုအထဲတွင် NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် RCSS/SSA တို့ကို တွေ့ဆုံရန်ရှိသကဲ့သို့ NCA လက်မှတ်မထိုးရသေးသော UNFC အဖွဲ့ထဲမှ KIO၊ SSPP နှင့် KNPP တို့ကို သီးခြားစီ တွေ့ဆုံရန် ရည်ရွယ်ထားကြောင်းသိရသည်။
UPWC တွေ့ဆုံဆွေးနွေးရာတွင် UNFC အဖွဲ့ဝင်များမဟုတ်သော အခြားအဖွဲ့များအနေဖြင့် သီးခြားစီတွေ့ဆုံခြင်းသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိသော်လည်း UNFC အဖွဲ့ဝင်များအနေဖြင့် သီးခြားစီ ခွဲ၍ တွေ့ဆုံမည်မဟုတ်ဘဲ UNFC အနေဖြင့်သာ တစု တစည်းတည်း တွေ့ဆုံရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။ ဆွေးနွေးမည့် အကြောင်းအရာများကိုတော့ နှစ်ဘက်ထုတ်ပြန် ပြောဆိုကြခြင်းမရှိကြသေးပေ။