ဂျပန်နိုင်ငံဟာ စစ်ရေးအသုံးစရိတ်တိုးမြှင့်လိုက်ပြီးတဲ့နောက်မှာ ကမ္ဘာ့ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် ဦးဆောင်ကဏ္ဍမှာ ပါဝင်ဖို့ လိုအပ်လာပြီလို့ ဆိုလိုက်ပါတယ်။
ယခုအပတ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဂျပန်သံအမတ် ကီချီ ကာတာကာမီက အီးယူအဖွဲ့ ကိုပြောဆိုရာမှာ “ကမ္ဘာကြီးဟာ ခြိမ်းခြောက်မှုတွေနဲ့ ပိုမိုရင်ဆိုင်နေရတယ်၊ ဒါတွေကို တိုက်ဖျက်ဖို့ ဂျပန်ဟာ ဦးဆောင်အခန်းကဏ္ဍက လှုပ်ရှားချင်တယ်လို့” ဆိုလိုက်ပါတယ်။
ဂျပန်သံအမတ်ရဲ့ ပြောဆိုချက်ဟာ မကြာသေးမီက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အတည်ပြု လိုက်တဲ့ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၁.၄ ဘီလျံ တိုးမြှင့်လိုက်ခြင်းကို ရည်ရွယ်တာဖြစ်ပြီး၊ အမေရိကန်က ဂျပန်အနေနဲ့ တရုတ်စစ်အင်အားတိုးချဲ့မှုနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကာကွယ်ရေးမှာ တက်ကြွစွာပါဝင်ဖို့ ဖိအားပေးလိုက်ပြီးတဲ့နောက်မှာ အခုလို စစ်အသုံးစရိတ်ကို ဒုတိယကမ္ဘာစစ်နောက်ပိုင်း အများဆုံးတိုးမြှင့်လိုက်တာဖြစ်ပါတယ်
ဒီစစ်အသုံးစရိတ်ဟာ စစ်သင်္ဘောအသစ်တွေတည်ဆောက်ရေး၊ လက်ရှိ စစ်သင်္ဘောတွေကို အဆင့်မြှင့်တင် ရေးမှာ အသုံးပြုသွားမှာဖြစ်ပါတယ်၊ ဒါအပြင် THAAD (Terminal High-Altitude Area Defense) လို့ခေါ်တဲ့ ဒုံးပံျကာကွယ်ရေးစစ်နစ်ကိုလည်း အမေရိကန်ထံမှ ဝယ်ယူသွားမယ်လို့ ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။
ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက AAV 7 လို ကုန်းရေ နှစ်ထွေသွား တိုက်ခိုက်ရေးယာဉ် ၁၁စီး၊ မစ်ဆူဘီရှီကုမ္ပဏီထုတ် SH – 60K အမျိုးအစား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် ၁၇စီး၊ အမေရိကန်လုပ် Bell Boeing V-22 Osprey အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၄စီး၊ မောင်းသူမဲ့လေယာဉ် RQ-4 Global Hawk အမျိုးအစား ၃စီး၊ F- 35 A အမျိုးအစား အပေါ့စားတိုက် လေယာဉ် ၆စီး၊ ကာဝါစကီ အမျိုးအစား C- 2 စစ်ဘက်သုံးသယ်ယူပို့ဆောင်ရေး လေယာဉ် တစီး၊ တိုက်ခိုက်ရေးယာဉ်သစ် ၃၆ စီး ဝယ်ယူခွင့်ပြုခဲ့ပါတယ်။