Crime

တော်ဝင် စင်တာ အရောင်းဝန်ထမ်း အမျိုးသမီးကို ဓားဖြင့်ထိုးသူ ဖမ်းမိ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် တော်ဝင်ဈေးဝယ်စင်တာ ပထမထပ်ရှိ မျက်မှန်ဆိုင် ဝန်ထမ်းအမျိုးသမီးအား ဓားထိုးမှုကျူးလွန်၍ ထွက်ပြေး တိမ်းရှောင်လျက်ရှိသူကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

“နာမည်တော့ မမေးပါနဲ့ဦး။ ဒီကနေ့မနက်ပဲ သူနေထိုင်ရာ ဝေဘာဂီမြို့နယ်က နေအိမ်မှာ ဖမ်းဆီးရမိတာပါ။ အသေးစိတ် ဆက် လက် စစ်ဆေးနေပါတယ်။ ဓားနဲ့ထိုးခံရသူ အမျိုးသမီးလည်း မနေ့က ဆေးရုံက ဆင်းပါပြီ”ဟု ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ဝင်းရွှေက ဧရာဝတီကို ပြောပြသည်။

လက်ရှိတွင် ဓားထိုးမှု ကျူးလွန်သူကို ဒဂုံမြို့မ ရဲစခန်းက ပြစ်မှု နံပါတ် ၃၇/၂၀၁၆၊ ဥပဒေ ပုဒ်မ-၃၂၆ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲ ခန့်က ဒဂုံမြို့နယ် ပြည်လမ်း အနောက်ရပ်ကွက် တော်ဝင်စင်တာ ပထမထပ်ရှိ မျက်မှန်ဆိုင် တွင် အလုပ်လုပ်ကိုင်နေသော စမ်းချောင်းမြို့နယ်နေ အသက် ၂၀ ခန့်ရှိ အမျိုးသမီးထံသို့ ဖေ့စ်ဘုတ်တွင် ခင်မင်ခဲ့သူ အမည်မသိ၊ အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသားတဦး ရောက်ရှိလာပြီး စကားပြောဆိုနေခဲ့ကြကြောင်း၊ ထို့နောက် အမျိုးသမီးမှာ အဆိုပါ အမည် မသိ အမျိုးသားနှင့် တော်ဝင်စင်တာ ပထမထပ်ရှိ အထည်ဆိုင်တန်းရှေ့အရောက် တစ်ယောက်တစ်ခွန်း စကားများကြပြီး အမည် မသိ အမျိုးသားမှ အမျိုးသမီးအား လက်သီးဖြင့်ထိုးကာ အသင့်ယူဆောင် လာသော ခေါက်ဓားဖြင့်ထိုးပြီး ဓားအားပစ်ချကာ ထွက်ပြေးသွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ဖြစ်ပွားခဲ့သဖြင့် ဓားဖြင့်ထိုးခံရသူ အမျိုးသမီးတွင် ဝဲဘက်ပါး ပြတ်ရှ၊ ဝဲဘက် လက်မောင်းပြတ်ရှ၊ ဝဲဘက် လက်ဖျံ စုတ်ပြဲ၊ ဝဲဘက် ရင်အုံ ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရကြောင်းနှင့် ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ အမျိုးသားကို စုံစမ်းအရေးယူပေးရန် အဆိုပါ အမျိုးသမီးငယ်၏ အစ်မဖြစ်သူက တိုင်ကြား ခဲ့သဖြင့် ဒဂုံမြို့မ ရဲစခန်းက အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Loading