ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကံ့ကော်မြိုင်ရပ်ကွက် တွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ်ကလေးငယ် ကို ပိုက်ဆံ ခိုးယူသည်ဟု စွပ်စွဲကာ မီးကျီ မီးခဲများဖြင့် ရှို့ခဲ့သူ အမျိုးသမီး ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ အရ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း မင်းပြားမြို့နယ်ရဲတပ်ဖွဲ့ ထံမှ သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၈ ရက် နေ့ ကံ့ကော်မြိုင်ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ဖြူဖြူသန်းသည် သူ၏ တူမဖြစ်သည့် အသက် ၇ နှစ်အရွယ်ကလေးငယ်ကို ပိုက်ဆံ ၂၀၀၀၀ ကျပ် ခိုးယူသည်ဟုဆိုကာ မီးကျီခဲများဖြင့် ခြေ၊ လက်၊ ပေါင် အပါအဝင် ခန္ဓာကိုယ်ရှိ နေရာအနှံ့အပြားသို့ ရှို့ခဲ့ကြောင်း၊ ကလေးငယ်မှာ မီးကျီခဲများဖြင့် အရှို့ခံရသည့် ဒဏ်ကြောင့် အရေပြား များစုတ်ပြဲပြီး မီးပူလောင်ဒဏ်ရာများစွာရရှိသွားကြောင်း၊ ရဲတပ်ဖွဲ့ က ကလေးငယ်ကို မီးဖြင့်ရှို့ခဲ့သည့် အဒေါ်ဖြစ်သူ ဒေါ်ဖြူဖြူသန်း ကို ဖေဖော်ဝါရီ ၁၉ ရက် က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပိုက်ဆံ ၂၀၀၀၀ ကျပ် ခိုးယူသည်ဟုဆိုကာ စွပ်စွဲခံရပြီး မီးကျီခဲများဖြင့် အရှို့ခံရသူကလေးငယ်မှာ မင်းပြားမြို့နယ်ရှိ အခြေခံပညာကျောင်းတကျောင်းတွင် ပထမတန်း ၌ ပညာသင်ကြားနေသည့် ကျောင်းသူတဦးဖြစ်ပြီး မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေခြင်းဖြစ်ပြီး အဒေါ်ဖြစ်သူနှင့်အတူ နေထိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မီးရှို့ထားတာပေါ့။ ရပ်ကွက်ထဲကလူတွေက သတင်းပေးလို့ ကလေးကို အဲဒီလိုလုပ်ပြီးနောက်နေ့ ကျနော်တို့လိုက်သွားပြီး အဲဒီအမျိုးသမီး ကို တခါတည်းဖမ်းလိုက်တယ်။ အခု ရမာန်ယူပြီး စစ်ဆေးနေပြီ။ ကလေးကတော့ ဒဏ်ရာတွေရသွားတော့ အခုမင်းပြားပြည်သူ့ဆေးရုံကြီးမှာ ကုသနေတယ်။ ကလေးမိဘတွေက ထိုင်းမှာ အလုပ်သွားလုပ်တုန်း အဒေါ်ဖြစ်သူဆီမှာ အပ်ထားခဲ့တာ”ဟု မင်းပြားမြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းမောင် က ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကလေးသူငယ်များ နှိပ်စက်ခံရသည့် အမှုဖြစ်စဉ်များစွာ ဖြစ်ပေါ်ခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး ရှိ ဆရာဝန်လင်မယား၏ ရိုက်နှက်နှိပ်စက်ခံရသည့် အိမ်အကူ ကလေးငယ်အမှု၊ မင်္ဂလာဒုံမြို့နယ် ပုလဲ မြို့ သစ် နေ ဆရာဝန် လင် မယား နှင့် မိသားစု၏ ရိုက်နှက်ခံရသည့် အိမ်အကူ ကလေးငယ်အမှု၊ ဧရာဝတီတိုင်းဒေသ ကြီး အတွင်းရှိ အနုပညာရှင် တဦး၏ နေ အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ရာမှ နှိပ်စက်ခံရသူ ကလေးငယ်အမှု၊ ရန်ကုန်တွင် တပ်မတော်ဗိုလ်မှူး ၁ဦး၏ နေအိမ်တွင် အိမ်အကူ ကလေးငယ် ၁ ဦး နှိပ်စက်မှုများမှာ မီဒီယာများ၏ ဖော်ထုတ်တင်ပြမှု ကြောင့် ထင်သာမြင်သာရှိသော ကလေးသူငယ် နှိပ်စက်မှုများအဖြစ် အရေးယူဆောင်ရွက်မှုများဖြစ်ပေါ်ခဲ့သော်လည်း အများစုသော ကလေးသူငယ် နှိပ်စက်မှုများတွင် တရားခံကို အရေးယူနိုင်ခြင်းမရှိဘဲ ဥပဒေစိုးမိုးရေးကင်းမဲ့လျက်ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။