ရန်ကုန်မြို့က အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ ရိုက်နှက် ညှဉ်းပန်းခံရမှုတွင် အိမ်ရှင် ဗိုလ်မှူး ကျော်နုမော် ၏ ဇနီး ပါဝင်နေ ကြောင်း တရားရုံး ထွက်ဆိုချက်အရ သိရှိရသည်။
ယနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တရားရုံး၌ တရားလိုဘက်ကို စတင် စစ်ဆေးရာ တရားလိုဖြစ်သူ ဗဟန်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန အမျိုးသမီး သက်မွေး၊ အတတ်ပညာသင်ကျောင်း ဒု ကျောင်းအုပ် ဒေါ်စန်းစန်းထွေး က ထိုသို့ ထွက်ဆိုခြင်း ဖြစ်သည်။
“မစုဝေ ခေါင်းအနောက်ဘက်မှာ ဒဏ်ရာတခုတွေ့လို့ ဘာဖြစ်တာလဲမေးတော့ သူ(မစုဝေ)ပြောပြချက်အရ အိမ်သာဆေးတဲ့တုတ်နဲ့ မေမေကြီး (ဗိုလ်မှူးကျော်နုမော်၏ ဇနီး ဒေါ်ရင်ရင်နွယ်) ရိုက်တာလို့ ပြောပါတယ်။ ဗိုလ်မှူး ကျော်နုမော် အိမ်မှာ မစုဝေက အိမ်ရှင် ကလေးငယ်တွေနဲ့ ကစားပေးတဲ့ အလုပ်ကို လုပ်ရတယ်လို့ ပြောပါတယ်။ မကစားချင်ကြောင်း ပြောတဲ့အခါမှာ ကလေးတွေက ကြီးကြီး သန်းနွဲ့(အိမ်အကူ)နဲ့ တိုင်လိုက်မယ်လို့ ပြောဆိုတယ်လို့ ကျမမေးတော့ ပြောပါတယ်”ဟု ဒေါ်စန်းစန်းထွေးက တရားခွင် စစ်ဆေး မေးမြန်းမှုတွင် ထည့်သွင်း ပြောဆိုသည်။
ဆက်လက်ပြီး“ဗိုက်တွေမှာ ဒဏ်ရာတချို့ အနာရွတ်တွေ မပျောက်သေးပါဘူး။ အဲဒါဘယ်လိုကြောင့် ရတာလဲမေးတော့ အုန်းခြစ် နဲ့ ဒေါ်သန်းနွဲ့က ခြစ်တာလို့ ပြောပါတယ်။ ဒါဆို သမီးက မငိုဘူးလားဆိုတော့ အကျယ်ကြီး ငိုတယ်လို့ ပြောတယ်။ ဒါဆို မေမေကြီး တို့ မကြားဘူးလား မေးတော့ ကြားတယ်လို့ ပြောတယ်။ အဲဒီအကြောင်းကို ဘာဖြစ်လို့ ဦးဦးရဲတွေအရှေ့မှာ အမှန်အတိုင်း မပြောတာလဲ ဆိုတော့ မေမေကြီးက မပြောနဲ့ ပြောရင် သားအမိ နှစ်ယောက်စလုံးကို သတ်ပစ်မယ်လို့ ပြောတယ်”ဟု ဒေါ်စန်းစန်းထွေးက ပြောပြ သည်။
ယနေ့ရုံးချိန်းသည် ခုနှစ်ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ဗဟန်းမြို့နယ် တရားရုံး၌ စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်စန်းစန်းထွေးက ထွက်ဆိုရာတွင် မစုဝေသည် အမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မိမိ၏ကျောင်းသို့ ရောက်ရှိနေစဉ် ကိုယ်ရောစိတ်ပါ ကြောက်ရွံ့နေခဲ့ကြောင်း၊ ရရှိခဲ့သည့်ဒဏ်ရာ အနာရှိန်များကြောင့် ဖျားနာခဲ့ကြောင်း၊ အိပ်ပျော်နေစဉ်တွင် မစုဝေ လန့်အော်ခြင်းများ ရှိခဲ့ ကြောင်း၊ ညာဘက် လက်ချောင်းများမှာ အကြောများ လှုပ်ရှားမရကြောင်းလည်း ထည့်သွင်း ပြောဆိုသည်။
ယင်းသို့ တရားလိုစစ်ဆေးမှု၌ တရားခံဘက်မှ ရှေ့နေသုံးဦး လိုက်ပါဆောင်ရွက်ခဲ့ပြီး တရားလို ဖြစ်သူကို တရားခံရှေ့နေက မေးမြန်း ခဲ့သည်ကိုလည်း တွေ့ရသည်။
တရားခံရှေ့နေဘက်မှ မေးမြန်းမှုနှင့် ပတ်သက်ပြီး အစိုးရဘက်မှ လာရောက်ကြည့်ရှုလေ့လာသူ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှတပ်စုမှူး ဒေါ်အမ်ခေါင်တင်က“ဒီနေ့ တရားခံရှေ့နေက သူ့လုပ်ဆောင်ချက်အတိုင်း မေးတယ်ဆိုပေမယ့် သူ့(ဒေါ်စန်းစန်းထွေး) အနေနဲ့တော့ စိတ်နည်းနည်း ကျဉ်းကျပ်သွားပုံ ရပါတယ်”ဟု ပြောဆိုသည်။
လာမည့် မတ်လ ၇ ရက် နံနက် ၁၁ နာရီတွင် ရှစ်ကြိမ်မြောက် ရုံးချိန်းကို ထပ်မံချိန်းဆိုခဲ့ပြီး တရားလိုဘက်မှ တင်သွင်းမည့် လိုပြ သက်သေများကို ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ထိုအမှုဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ဒူးထောက်လျက်ရှိနေပြီး ထိုကလေး၏ လက်နှစ်ဘက်ကို အမျိုးသမီးတဦးက နောက်ပြန်ကြိုးတုတ်နေသည့် ဓာတ်ပုံများ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။