ဘိန်းခင်းဖျက်ရန် အသွားတွင် တားဆီးခံထားရသည့် ကချင်လူထုအခြေပြု ဘိန်းတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) သည် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပိတ်ထားသည့်နေရာမှ ရှေ့ခရီးဆက်သွားရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘိန်းခင်းဖျက်ရန်သွားသည့် ထောင်နှင့်ချီသောလူများ ချီဖွေလမ်းခွဲတွင် သီတင်းတပတ်နီးပါးခန့် ကြာအောင် ပိတ်ဆို့ခံထားရသည့် အချိန်တွင် ယင်းသို့ စည်းဝေး ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု Pat Jasan အဖွဲ့ဝင်များက ပြောသည်။
“နက်ဖြန်တော့ ရှေ့ဆက်ဖို့ ပြန်ကြိုးစားကြဖို့ လုပ်ထားကြတယ်။ ရောက်ချင်တဲ့နေရာ ရောက်အောင်ပေါ့နော်။ ပိတ်ထားတဲ့ စခန်းကို request လုပ်မယ်။ ညှိနှိုင်းပြီး သွားမှာဖြစ်ပါတယ်။ တဇွတ်ထိုးတော့ မဟုတ်ပါဘူး။ မနက်ဖြန် နေ့လယ်ပိုင်းမှာ ဆုတောင်းပွဲလုပ်ပြီးမှ သွားဖို့လုပ်ထားတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)အတွင်းရေးမှူး ဦးဆမ်ဆွမ်က ဧရာဝတီသို့ အတည်ပြုပြောသည်။
ဆက်လက်၍ ၎င်းက Pat Jasan အဖွဲ့ခေါင်းဆောင်များသည် ကချင်ပြည်နယ်အတွင်း ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်းပါဝင်ကြရန် ဖေဖော်ဝါရီ ၁၈ ရက်တွင် လွှတ်တော်သို့ ကိုယ်တိုင်သွားရောက်ပြီး စာပို့ထားကြောင်း ရှင်းပြသည်။
ယင်းတို့ တင်ပြထားသည့် စာနှင့်ပတ်သက်၍ ကချင်နိုင်ငံရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်သို့ အဆို တင်သွင်းသွားမည်ဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီဖြစ်သည့် ကချင်ပြည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဗွီအိုအေမြန်မာပိုင်းတွင် ဖြေကြားထားသည်။
ကချင်လူထုအခြေပြု ဘိန်းတိုက်ဖျက်ရေးအဖွဲ့သည် ဘိန်းခင်းများကို ဘိန်းခြစ်ရာသီအမီ သွားရောက်ဖျက်ဆီးကြရန် ကြိုးစားနေကြခြင်း ဖြစ်ကြောင်း အဖွဲ့ဝင်များက ပြောသည်။
“ရှေ့ဆက်တက်ဖို့ကို အဆင်သင့် (ready) ပါပဲ။ လုံးဝလက်လျှော့မှာ မဟုတ်ဘူး။ ရအောင်တက်မယ်။ ဘယ်နေ့ ဘယ် အချိန်ဆိုတာတော့ ကျနော်တို့လူကြီးတွေရဲ့ စီမံမှုအထဲမှာပဲ ရှိပါတယ်” ဟု ဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ဦးမုန်းဆန်က ဆိုသည်။
Pat Jasan အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်စတည်းက တားဆီးခံထားရခြင်းဖြစ်ပြီး ယခုအခါ Pat Jasan အဖွဲ့ဝင် ၃၀၀၀ ခန့်သည် တားဆီးခံထားရသည့် ချီဖွေ-ဆဒုံးလမ်းခွဲ လမ်းမကြီးပါ်တွင် ရွက်ဖျင်တဲများထိုးကာ နေကြရသောကြောင့် နေရေးထိုင်ရေး အခက်အခဲများရှိကြောင်း ယင်းက ပြောသည်။
အစိုးရတပ်မတော်ကမူ ဘိန်းခင်းတိုက်ဖျက်ရေးကို ပိတ်ပင်ခြင်းမဟုတ်ဘဲ ဘိန်းခင်းပိုင်ရှင်များနှင့် ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့တို့အကြား ပဋိပက္ခဖြစ်လာနိုင်ဖွယ် ရှိသဖြင့် လုံခြုံရေးအရ တားဆီးရခြင်းဖြစ်သည်ဟု Pat Jasan အဖွဲ့ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် တာဝန်ရှိသူတဦးက ပြောဆိုကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် Pat Jasan အဖွဲ့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့အသီးသီးမှ ကချင်လူထု ထောင်ချီ ပူးပေါင်းပါဝင်ပြီး တားဆီးခံထားရသည့် နေရာတွင် ဝတ်ပြုဆုတောင်းပွဲ လုပ်ခဲ့ကြသည်။
ယင်းနေ့တွင်ပင် တပ်မတော်နှင့် ရဲဘက်က သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အချိန်တွင် ကချင်အဖွဲ့ဘက်မှ လိုက်ပါသွားသည့် လူငယ်များ သတင်းမှတ်တမ်း ရယူမှုနှင့် ပတ်သက်ပြီး နှစ်ဘက် အခြေအတင်ဖြစ်ခဲ့ကြောင်းလည်း သိရသည်။