Human Rights

ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်သည်ဟု စွပ်စွဲခံရသူ ကြံ့ခိုင်ရေးပါတီဝင်ကို စွဲချက်တင်ပြီ

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ်ပြင်ဆင်၍  လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သည့်ဆိုသော ဧရာဝတီ တိုင်း ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီခေါင်းဆောင် ဦးသန်းထွန်းကို ကန်ကြီးထောင့်မြို့နယ် တရားရုံးက  ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် ယနေ့ စွဲချက် တင်လိုက်ကြောင်း သတင်းရရှိသည်။

“ဦးသန်းထွန်းကို ဒီနေ့ရုံးချိန်းမှာ ကျနော်စွဲဆိုထားတဲ့ အီလက်ထရောနစ်ပုဒ်မ ၆၆ (ဃ) နဲ့ တရားရုံးတော်က စွဲချက်တင်လိုက်ပါတယ်။ ဦးသန်းထွန်းကတော့ သူတင်တာ မဟုတ်ဘူးဆိုပြီး ရုံးတော်မှာ ငြင်းခဲ့ပေမယ့် ရုံးတော်ကတော့ ၆၆ (ဃ) နဲ့ ဆက်လက်စစ်ဆေးဖို့ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်”ဟု တရားလိုဖြစ်သူ Hand to Hand အခမဲ့ပညာ ဒါနကွန်ရက်မှ ကိုစည်သူအောင်က ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂ ရက်နေ့ က ကန်ကြီးထောင့်မြို့နယ် ကြံခိုင်ရေးပါတီ တွဲဘက် အတွင်းရေးမှူးဖြစ်သူ ဦးသန်းထွန်းအသုံးပြုသည်ဟုယူဆရသည့် Thu Thu အမည်ရှိ Facebook အကောင့်၌ အဝတ်အစားမဲ့ခန္ဓာကိုယ်တွင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်ကာ ညစ်ညမ်းစွာ ရေးသားထားသော အီလက်ထရောနစ် ဒီဇိုင်းတခုကို လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြုလုပ်သည့်အတွက် ၎င်းအား ကန်ကြီးထောင့်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစည်သူ အောင်က တရားလိုပြုလုပ်၍ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပြီးခဲ့သည့်နှစ်အောက်တိုဘာလ ၁၇ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းအမှုကို ကန်ကြီးထောင့်မြို့နယ်တရားရုံး၌ ၂ လကြာ စစ်ဆေးပြီးနောက် ၁၁ ကြိမ်မြောက် ရုံးချိန်းတွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စစ်ဆေးရန် ပြန်လည်ချိန်းဆိုထားပြီး ယင်းရုံးချိန်းတွင် တရားခံအဖြစ် စွပ်စွဲခံနေရသည့် ဦးသန်းထွန်းဘက်မှ တင်ပြမည့် တရားခံပြသက်သေများကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်၏ဝတ်စုံအသစ်အပေါ် လူမှုကွန်ရက်၌ ဝေဖန်မှုဖြင့် မအူပင်မြို့မှ မချောစန္ဒီထွန်း (ခ) ချစ်သမီးကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် မအူပင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ရာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်၌ အီလက်ထရောနစ်ဥပဒေဖြင့် ပထမဆုံး ပြစ်ဒဏ် ချမှတ်ခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင် သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်တွင် ဝေမျှသည်ဟုဆိုကာ ပုဒ်မ ၆၆(ဃ) ဖြင့် ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးက ပြီးခဲ့သည့်ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၆ လ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အီလက်ထရောနစ် ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦး အား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက် ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

Loading