အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့အနက် ၂ ဖွဲ့သည် NCA ပါ အချက်များနှင့် မကိုက်ညီသည့် လုပ်ရပ်တချို့ကို လုပ်ဆောင်မှုရှိကြောင်း သတင်းရရှိသည်။
ယင်း တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့သည် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင် စီ (RCSS/SSA) တို့ ဖြစ်သည်ဟု သိရသည်။
အဆိုပါ သတင်း အချက်အလက်ကို ဖေဖော်ဝါရီလ ၂၂ ရက်၌ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူ ထောင်ရေး လုပ်ငန်း ဗဟိုဌာန၌ ပြုလုပ်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ စတုတ္ထအကြိမ် အစည်းအဝေး ပထမ ရက်တွင် JMC-U ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခြင်း ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က“ဇန်နဝါရီလ အတွင်းမှာ၊ တပ်မဟာ(၃) နယ်မြေအတွင်းမှာ ရွာသူ ရွာသားတွေကို KNU အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာ ရှိတယ်။ တပ်မဟာ (၅) နဲ့ (၂) မှာလည်း ဒါမျိုးတွေ တွေ့ရပါတယ်”ဟု ပြောသည်။
RCSS/SSA သည်လည်း ဖေဖော်ဝါရီလ ၉ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် တိုက်ပွဲဖြစ်ပွားရာတွင် နယ်မြေကျော်လွန်ခဲ့ကြောင်း၊ လောနော်ရွာအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရကြောင်းလည်း ဒု ဗိုလ်ချုပ်ကြီး ရာပြည့် က ပြောဆိုသည်။
ထွက်ပြေးရသည့် ဒေသခံများတွင် အတန်းတင်စာမေးပွဲဖြေမည့် ကျောင်းသူ ကျောင်းသားများ ပါဝင်နေခြင်းကြောင့် အခက်အခဲ များ ကြုံခဲ့ရသည်ဟု သိရသည်။
“ဒါတွေက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးပြီးတော့ အဖြေရှာ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုသည်။
NCA ထိုးပြီးနောက် ၂၀၁၅ ခုနှစ်အတွင်းကလည်း KNU တပ်မဟာ (၅) တွင် တပ်သားသစ်များ စုဆောင်းမည်ဟု အသံကြားသဖြင့် ဒေသခံများ ထွက်ပြေးခဲ့ခြင်းများ ရှိခဲ့ပြီး RCSS ကလည်း တပ်စခန်းတချို့ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ခဲ့သဖြင့် တပ်မတော်နှင့် ပစ်ခတ် မှု တချို့ ဖြစ်ပွားမှု ရှိခဲ့သည်။
ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ၏ ပြောဆိုချက်များနှင့်ပတ်သက်၍ JMC-Uမှ တိုင်းရင်းသားများ၏ ကိုယ်စားလှယ် ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က အဆိုပါ ကိစ္စရပ်များမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) များ လုပ် ငန်း အဆင့်ဆင့် အပြည့်အ၀ မလည်ပတ်နိုင်သေးသဖြင့် အောက်ခြေတွင် ဖြစ်ပွားနေသည့် အသေးစားများသာ ဖြစ်သည်ဟု ဧရာဝတီ ကို ပြောသည်။
ဆက်လက်၍ ၎င်းက “အဲ့ဒါတွေနဲ့ ပတ်သက်ပြီး အထူးတလည် ဆွေးနွေးချက် မရှိပါဘူး။ အစဆိုတော့ အောက်ခြေမှာ ခက်ခဲတာ တွေ ရှိသေးတယ်။ စိုးရိမ်မှုတွေ ယုံကြည်မှု နည်းနေသေးတာတွေကြောင့်လည်း ဖြစ်တယ်။ တခါတလေကျတော့ ချပြလို့ မရသေးတာ တွေ တိုင်းရင်းသားဘက်မှာ ရှိတယ်”ဟုလည်း ပြောဆိုသည်။
တပ်မတော်က RCSS နှင့် သီးသန့်တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်မှုများ ရှိသည်ဟု ပြောဆိုထားသော်လည်း ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက တွေ့ဆုံမှုသည် သာမန်အဆင့်သာ ဖြစ်နိုင်လိမ့်မည်ဟု ပြောသည်။
NCA အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပါ အချက်များအရ NCA ထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်၏ တပ်ဖွဲ့ဝင်များသည် တပ်စခန်း တိုးချဲ့ခြင်းများ၊ နယ်မြေ တိုးချဲ့ခြင်းများ၊ တပ်သားသစ် စုဆောင်းခြင်းများ၊ အရပ် သား များကို အကြမ်းဖက်ခြင်းများ မပြုလုပ်ရဟု ပါရှိသည်။
NCA ပါ အချက်အလက်များကို လိုက်နာကြရန်လည်း ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်၊ ဒေသန္တရ အဆင့်ဟူ၍ ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) များ အဆင့်ဆင့် ဖွဲ့စည်းပြီး စောင့်ကြည့် ထိန်းကျောင်း သွားရန် လုပ်ဆောင် ကြမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလအတွင်းက ရှမ်းပြည်နယ် ခိုလမ်မြို့တွင် တပ်မတော်နှင့် RCSS အကြား JMC-S (ပြည်နယ် အဆင့်) ကို ဖွဲ့စည်းခဲ့ပြီး ဖြစ် သည်။
ယခု အစည်းအဝေးအပြီးတွင်လည်း တနင်္သာရီတိုင်းတွင် တပ်မတော်နှင့် KNU အကြား JMC-S ဖွဲ့စည်းသွားမည်ဟု သိရသည်။
အစည်းအဝေးသို့ JMC-U ကော်မတီဝင်များဖြစ်သည့် အစိုးရဘက်မှ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိများ၊ NCA လက်မှတ် ထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဆက်လက် ပြုလုပ်မည်ဟု သိရသည်။