Politics

အသွင်ကူးပြောင်းရေးကာလ သတိရှိရန် ဒေါ်အောင်ဆန်းစုကြည်ပြော

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီက သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် လွှတ်တော် ဥက္ကဌများနှင့် ဒုဥက္ကဌ များကို ယနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း ကော်မတီဆောင် I-12 တွင် ခေါ်ယူတွေ့ဆုံပြီး တိုင်းပြည် ဒီမိုကရေစီ အသွင်းကူပြောင်းနေစဉ် ကိစ္စရပ်တိုင်းတွင် ဥပဒေနှင့်အညီ သတိရှိစွာ လုပ်ဆောင်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

“တိုင်းနဲ့ပြည်နယ် ဥက္ကဋ္ဌ၊ ဒုဥက္ကဌတွေရဲ့ ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီလုပ်ဖို့ ဘာပဲ လုပ်လုပ် လုပ်ပိုင်ခွင့်တွေကို ဥပဒေနဲ့အညီ လုပ်ဖို့ ပြောပါတယ်။ တာဝန်ယူထားပြီး မမှားဖို့ ပြောတာပါ”ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကချင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးခမ်းလိန်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်၊ ဦးဝင်းထိန်နှင့် ရှမ်းနှင့် ရခိုင်မှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ တဦး ဖြစ်သည့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က“ဥက္ကဌက ဒီနေ့ဗျာ တိုင်းနဲ့ပြည်နယ် ၁၂ ခု၊ ရခိုင်နဲ့ ရှမ်း မပါ။ တိုင်းနဲ့ ပြည်နယ် ဥက္ကဌနဲ့ ဒုဥက္ကဌတွေ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ၊ လမ်းကြောင်းတွေပေါ့။ ထားရမယ့် စိတ်ထားတွေ၊ ကျနော်တို့က အသစ် ဆိုပေ မယ့် စေတနာနဲ့ လုပ်ရမယ်။ နောက် အဂတိတရား ကင်းစင်တဲ့ဟာကို ရှေ့ရှုပြီးတော့ အထူးသဖြင့် တိုင်းသူပြည်သား စိတ်ပျက်မယ့် အလုပ်မျိုးတွေ မလုပ် ဖြစ်ဖို့ သြဝါဒပေးတဲ့ သဘောပါပဲ”ဟု မီဒီယာများသို့ ပြောသည်။

အစည်းအဝေးတွင် တိုင်းနဲ့ ပြည်နယ် လွှတ်တော် ဥက္ကဌများ အသုံးပြုရန် အစိုးရက ထုတ်ပေးထားသည့် မော်တော်ယာဉ်များမှာ စက်နိုးမရခြင်း၊ ဆီစားနှုန်း များခြင်းနှင့် အရည်အသွေး ညံဖျင်းခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရသည်ကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က NLD အစိုးရ ဖြစ်ပေါ်လာချိန်တွင် ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“ပြည်နယ်နဲ့ တိုင်းဥက္ကဌတွေကို ထုတ်ပေးတဲ့ကားတွေက ရန်ကုန်တိုင်းကလွဲရင် အကုန်အစုတ်တွေချည်းပဲ။ သူတို့ကားတွေ စုတ်သလိုပဲ ရေးရာ ကော်မတီ ဥက္ကဌတွေကို ထုတ်ပေးတဲ့ကားတွေကလည်း သွားထုတ်တာ စက်တောင်နိုးလို့မရဘူး”ဟု နေပြည်တော်မှ NLD ပါတီဝင်တဦးက ပြောသည်။

မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဖြစ်လာသူ ဒေါ်တင်အိမှာ ၎င်းအတွက် အစိုးရမှ ပေးအပ်သည့် မော်တော်ယဉ် ၃ စီးကို သွားရောက်ထုတ်ယူရာ တစီးမျှ စက်နိုး၍ မရသဖြင့် အဆင်မပြေဖြစ်ခဲ့ရကြောင်း ၎င်းနှင့် နီးစပ်သူတဦးက ပြောသည်။

ရန်ကုန်တိုင်း လွှတ်တော် ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့်ကမူ တိုင်းပြည် ဆင်းရဲနေချိန်တွင် ယခုကဲ့သို့ ကားစုတ်သည့် ပြဿနာကို သည်းခံရမည်ဟု ဧရာဝတီသို့ ပြောသည်။

Loading