လက်ရှိဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဉ်ကြောင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက် မည်ကို စိုးရိမ်၍ အရန်ဆန် ဝယ်ယူထားရှိရေးအတွက် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်က ပြောဆိုသည်။
“ရာသီဥတုနဲ့ ပတ်သက်တဲ့ကိစ္စဟာ ဒေသတွင်းကိုလည်း ဖြစ်နိုင်တာမို့ အရေးကြီးဆုံး အချက်တချက်ကတော့ အရန်ဆန်ထားဖို့ ကိစ္စကို စနစ်တကျသုံးသပ် ပညာရှင်တွေနဲ့ တိုင်ပင်ပြီး နိုင်ငံတော်ကို အကြံပြုသွားမယ်။ အရန်ဆန်နဲ့ ပတ်သက်တဲ့ အရေအတွက်တို့၊ အရည်အသွေးတို့၊ ဝယ်ယူမယ့် ပမာဏတို့ ဝယ်မယ့်နေရာတို့ ထားမယ့်နေရာ သိုလှောင်မယ့် နေရာတို့ ဒါတွေအတွက် လုပ်ငန်းစီမံချက်ကို စနစ်တကျ တည်ဆောက်နေချိန် ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
အပူချိန် မြင့်မားသော အယ်လ်နီညို ရာသီဖြစ်စဉ်နှင့် ပတ်သက်၍ ဆန်စပါးလုပ်ငန်းကဏ္ဍအပေါ် ရိုက်ခတ်နိုင်သည့် အကြောင်းအရာ များအား မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် တာဝန်ရှိသူများက ပြီးခဲ့သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးမှုအပြီး အထက်ပါကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးရဲမင်းအောင်က ဆက်ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့လယ်ယာကဏ္ဍ၌ အယ်လ်နီညိုရာ သီဥတု ရိုက်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကာလတိုအတွက် စိုးရိမ်စရာ မရှိကြောင်း၊ သို့သော် လာမည့် မိုးစပါးစိုက်ပျိုးမည့် ရာသီဖြစ်သော ဇွန်၊ ဇူလိုင် လများတွင် မိုးရေချိန် လုံလောက်စွာ ရရှိမှုအတွက် စိုးရိမ်စရာအဖြစ် ရှိနေကြောင်း ဆန်စပါးလုပ်ငန်း အသင်းဝင်များက ညှိနှိုင်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
“အယ်လ်နီညိုနဲ့ ပတ်သက်တဲ့စိုးရိမ်မှုက ဘာအတွက်လဲဆိုရင် လာမယ့်နှစ် မိုးစပါးအတွက် အဓိကစိုးရိမ်ကြတာ။ လာမယ့်နှစ် မိုးစပါးရာသီမှာ လုံလောက်တဲ့ ရေတွေဘာတွေ ရပါ့မလားပေါ့။ မိုးရေချိန် မိုးရွာသွန်းမှု အခြေအနေအတွက် စိုးရိမ်တဲ့ သဘောပဲ ရှိပါတယ်။ ကာလတိုမှာတော့ ထွေထွေထူးထူး ဘာမှမရှိနိုင်သေးဘူး။ လာမယ့် မိုးစပါးရာသီအတွက် စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်တယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်က လယ်ယာကဏ္ဍအပေါ် ရိုက်ခတ် လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်က မိုးလေဝသ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ အမြဲမပြတ် လုပ်ဆောင်နေကြောင်း လည်း သိရသည်။
မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က လက်ရှိဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်နှင့် ပတ်သက်၍ အပူချိန်မြင့် တက် မှု ဖြစ်စဉ်များကို သတိထားရန် လိုအပ်ကြောင်း အသိပေး ပြောဆိုထားသည်။
အယ်လ်နီညို ဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တဝက်ဖြစ်ပေါ်ခဲ့ပြီး ကျန်နေသေးသည့် ဖြစ်စဉ်ကာလကို ယခု ၂၀၁၆ ခုနှစ်အတွင်း ခံစားကြရမည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်က အရန်ဆန်ဝယ်ယူမှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍနှစ် အတွင်းက တန်ချိန် ၃ ထောင်ဝန်းကျင် အထိ ဝယ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။