ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သင့်လျှော်သည့် အချိန်တွင် ပြုပြင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် ခိုင်မာစေရန် ဥပဒေနှင့် အညီထိန်းသိမ်းသွားမည်ဖြစ်ပြီး နိုင်ငံတကာတွင် နိုင်ငံပြုပြင်ပြောင်းလဲမှုကာလအတွင်း ပြိုကွဲသွားသည့် နိုင်ငံများရှိကြောင်းတပ်မတော်ကာာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်၌ သင်တန်းသားအရာရှိကြီး များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
“မိမိနိုင်ငံအနေဖြင့် ဒီမိုကရေစီ သက်တမ်း ၅ နှစ် ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါအတိုင်း ပြင်သင့်ပြင်ထိုက်သည့် အချက်များကို သင့်လျှော်သည့် အချိန်တွင် ပြုပြင်ရမည်ဖြစ်ကြောင်း၊ အဓိကမှာ ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်ရန်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု သည် ဒီမိုကရေစီတွင် မရှိမဖြစ်လိုအပ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သည်။
အလားတူ တရားဥပဒေ စိုးမိုးရေး ရှိရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို မဖြစ်မနေဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီ ဖော်ဆောင်၍ မရနိုင်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လက်ခံပါက လက်နက်စွန့်လွှတ်၍ တရားဥပဒေနှင့် အညီသာ ရယူလိုသည့် တောင်းဆိုမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)အား ပြင်ဆင်ရန် ပြောဆိုနေချိန်တွင် ဗိုလ်ချုပ်မှူးကြီးက ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တတိယအကြိမ် တွေ့ဆုံခဲ့သည်။