ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၇ နယ်မြေ၊ အောင်သိဒိ္ဓရပ်ကွက် မီးရထားသံလမ်း ဘေးတွင် နေထိုင်သူတဦးက ၎င်းနေထိုင်သည့် နေအိမ်ကိုပြန်လည်မီးရှို့ရာမှတဆင့် ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ရှိ နေအိမ် ၃ လုံး မီးလောင်ကျွမ်းပြာကျသွားကြောင်း သတင်းရရှိသည်။
အောင်သိဒ္ဓိရပ်ကွက်နေ အောင်မင်းခိုင်ဆိုသူက မိသားစုအိမ်တွင်းရေးပြဿနာဖြစ်ပွားမှုအပေါ် အခြေခံ၍ မူးယစ်ရမ်းကားမှုများ လုပ်ဆောင်ပြီးနောက် ၎င်းနေထိုင်သည့်နေအိမ်ကို ယနေ့ နံနက် ၆ နာရီက စတင်မီးရှို့ခဲ့ရာ အဆိုပါနေအိမ်အပါအဝင် ရပ်ကွက်တွင်းရှိ တခြားသော နေအိမ် ၂ လုံးပါ မီးလောင်သွားခဲ့ကြောင်း သိရှိရသည်။
“အောင်မင်းခိုင်ဆိုတဲ့လူက သူ့မိန်းမနဲ့စကားများပြီးတော့ သူလက်ရှိနေတဲ့ သူ့ယောက္ခမအိမ်ကို မီးတင်ရှို့တာ။ သူက အိမ်ကိုမီးရှို့ ပြီးတော့ ဓားကိုင်ထားပြီး လာမငြှိမ်းနဲ့၊ ငြှိမ်းတဲ့ကောင် ခုတ်မယ်ဆိုပြီး ရမ်းကားတာတွေပါလုပ်လို့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အဲဒီလူကို ဖမ်းထားတယ်။ မီးရှို့ တဲ့အတွက် သူ့ယောက္ခမအိမ်ရော၊ ဘေးအိမ်တွေရော မီးလောင်သွားတယ်”ဟု ပုသိမ်မြို့၊ အသည်ကြီး စခန်းမှူး ရဲအုပ် သိန်းဇော်ဦးက ဧရာဝတီကို ပြောသည်။
နေအိမ်ကို မီးတင်ရှို့ ပြီး ဓားကိုင်၍ မူးယစ်ရမ်းကားမှုများပြုလုပ်နေသည့် အောင်မင်းခိုင်အား အမှတ် ၇ နယ်မြေ နယ်ထိန်း ဒုတပ်ကြပ် ခင်မောင်မြတ်က ဝင်ရောက်ဖမ်းဆီးရာ အောင်မင်းခိုင်က ပြန်လည် ခုခံပြီး တုတ်ဖြင့်ရိုက်သည့်အတွက် ဒုတပ်ကြပ် ခင်မောင်မြတ်တွင် ညာဘက်လက်ဖျံရိုးကျိုးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“နယ်မြေတာဝန်ခံ ဒုတပ်ကြပ် ခင်မောင်မြတ်က နေအိမ်မီးတင်ရှို့တဲ့ အောင်မင်းခိုင်ကို ဝင်ဖမ်းတာကို အောင်မင်းခိုင်က တုတ်နဲ့ပြန်ရိုက်လို့ ဒုတပ်ကြပ် ခင်မောင်မြတ်ရဲ့ ညာဘက်လက်ဖျံရိုးကျိုးသွားလို့ အခု ပုသိမ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်”ဟု စခန်းမှူး ရဲအုပ် သိန်းဇော်ဦးက ပြောသည်။
“သူတို့မိသားစု တညလုံး တဝုန်းဝုန်းနဲ့ ရန်ဖြစ်နေတာ။ ဓားတရမ်းရမ်းနဲ့ ရပ်ကွက်ကိုပါ ရမ်းတယ်။ ယောက္ခ ထီးကြီးက တခြားကို ရှောင်နေရတယ်။ မနက်မိုးလင်းခါနီးကျတော့ ငါ့အိမ်ငါ မီးရှို့တာ လာမငြှိမ်းနဲ့၊ ဓားနဲ့ခုတ်မယ်ပြောတယ်။ အဲ့အချိန်မှာ သူ့အိမ်ကမီးလောင်နေပြီ။ ခဏကြာတော့ ကျနော် တို့အိမ်ဘက်ကိုပါ မီးစနဲ့လှမ်းပစ်တယ်။ အဲဒါနဲ့ ကျနော်တို့အိမ်ပါ မီးလောင်တော့တာပဲ”ဟု နေအိမ် မီးလောင်သွားခဲ့သည့် အောင်သိဒ္ဓိရပ်ကွက်မှ ကိုကျော်ဇင်က ပြောသည်။
နေအိမ်မီးတင်ရှို့ သူ အောင်မင်းခိုင်ကို ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးပြီးနောက် အသည်ကြီးရဲစခန်းတွင် ချုပ်နှောင်ထားပြီး အသည်ကြီးစခန်းမှ ရဲအရာရှိ တဦးက တရားလိုပြုလုပ်၍ ပြစ်မှုနံပါတ် – ၇၁/၂၀၁၆၊ တာဝန်ထမ်းဆောင်နေသည့်နိုင်ငံဝန်ထမ်းများကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၃၃ ၊ မီးရှို့မှု ပုဒ်မ ၄၃၆ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။