၂၀၁၅-၂၀၁၆ ခုနှစ် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အစိုးရစစ်စနစ် အတန်းတင်စာမေးပွဲ မေးခွန်း များ မှားယွင်းခြင်းနှင့် မေးခွန်းပေါက်ကြားမှုများအတွက် စစ်ဆေးစုံစမ်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ဖေဖော်ဝါရီလအတွင်းက စစ်ဆေးခဲ့သော စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ်စနစ် အတန်းတင် စာမေးပွဲများ ကျင်းပခဲ့ရာ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန် တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းအချို့၌ ကျောင်းသားများကို ဖြန့်ဝေခဲ့သည့် စာမေးပွဲ မေးခွန်း အချို့တွင် စာလုံးပေါင်းသတ်ပုံများ မှားယွင်းခြင်းနှင့် မေးခွန်းများ အဓိပ္ပာယ်လွဲမှား မေးမြန်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထို့နည်းတူ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် အဋ္ဌမတန်း အတန်းတင်စာမေးပွဲ ကျင်းပရာ၌ အင်္ဂလိပ်ဘာသာမှ သိပ္ပံဘာသာမေးခွန်းအထိ သတင်းပေါက်ကြားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညွန့်စိုးက “ကျနော်တို့တွေ စစ်ဆေးနေပြီ။ စစ်နေတုန်းပဲလို့ ပြော လို့ရမယ်။ ကျန်တာ ဘာမှပြောလို့ မရသေးဘူး။ ပြောလို့ရတဲ့ အချိန်ကျရင် ပြောမယ်”ဟု ဧရာဝတီကို ပြောသည်။
အလားတူ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင် အထက (၁) ကျောင်း မြန်မာစာမေးခွန်းတွင် သားသမီးဝတ်ကို တပည့် ဝတ် ဟုဆိုကာ မှားယွင်းမေးမြန်းခြင်း၊ ရန်ကုန်မြို့ရှိ အမက (၇) ပုဇွန်တောင် အခြေခံပညာကျောင်းစာမေးပွဲမေးခွန်း တွင် “နွားများကို ဥတုဘယ်နှစ်ပါး ရှိသနည်း” နှင့် “နွားများကို မည်သည့်အတွက် မွေးဖြူးသနည်း”ဟု မှားယွင်းမေးမြန်းခြင်း၊ အထက (၃) သာကေတ အခြေခံညာကျောင်းစာမေးပွဲမေးခွန်း တွင် ခွင့်ပြုချိန် ( ၄၅) နာရီဟု ရေးသားထားခြင်း၊ ဧရာဝတီတိုင်းအတွင်း စစ်မေးသော အခြေခံပညာစာမေးပွဲ သိပ္ပံဘာသာရပ် မေးခွန်းတွင် “ဆောင်ပုဒ်” ဟု ရေးရမည့်အစား “ဆောက်ပုဒ်” ဟု မှားယွင်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်တွင် အဋ္ဌမတန်း အင်္ဂလိပ်စာမှ သိပ္ပံဘာသာအထိ မေးခွန်းများ ပေါက်ကြားခဲ့သဖြင့် မေးခွန်းများ စတင်ဖြန့်ချိသည်ဟု ယူဆရသည့် “နေခြည်”ကိုယ်ပိုင်အထက်တန်ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်လှလှမော်အပါအဝင် ဆရာမ ၃ ဦးနှင့် “ထိပ်တန်း” မိတ္ထူဆိုင်ပိုင်ရှင် ဦးမင်းဇော်သွေးတို့ကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက “နှစ်ပေါင်းများစွာက ကျန်နေတဲ့ ယန္တရားက အခုမှထလုပ်လို့ အခုလိုတွေ ဖြစ်ရတာပေါ့။ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာတွေလည်းပါတယ်။ စာမေးပွဲစနစ်က အရင်က ကျောင်းစစ်အနေနဲ့ ရှိခဲ့ရာက စာမေးပွဲနဲ့ အသား မကျသေးတဲ့ မေးခွန်းပုံစံတွေကို မေးခွန်းထုတ်သူတွေက ထုတ်လေ့မရှိတော့ ဒီလိုအမှားတွေ ဖြစ်ကုန်တာ။ အပေါ်က အမိန့်ညွန်ကြားချက်ကို အကောင်အထည် ဖော်ရတာကြောင့် လှစ်ဟာချက်တွေ ဖြစ်ရတာလို့ မြင်တယ်။ နိုင်ငံတကာမှာ ပညာသင်ကြားမှု စနစ်တွေက ပြောင်းလဲကုန်ပြီ။ ကျနော်တို့ဆီမှာကတော့ ဆိုရှယ်လစ်စနစ်ကို ပြန်သွားနေတယ်” ဟု ပြောဆိုသည်။
အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများကို ကျောင်းစစ်မှ အစိုးရစစ်စနစ်သို့ ရုတ်တရက် ပြောင်းလဲလိုက်ခြင်းသည် မှားယွင်းသည့်စနစ် ဖြစ်နေကြောင်း၊ ထိုကဲ့သို့ အပြောင်းအလဲ ပြုလုပ်လိုပါက ပညာရှင်များ၊ ကျောင်းသားကျောင်းသူများ၊ မိဘများ၊ ဆရာဆရာမများနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် အကြံဉာဏ်တောင်းခံခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု ဝေဖန် သုံးသပ်မှုများ ရှိနေသည်။