ဧရာဝတီမြစ်ဖျားခံရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရုတ်တရက်မြစ်ရေကြီးမှုအခြေအနေမှာ ရပ်တန့်နေပြီ ဖြစ်သော်လည်း မြစ်အောက်ပိုင်းတလျောက်မြို့ များတွင် ဧရာဝတီမြစ်ရေဆက်လက် မြင့်တက်လာမည်ဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီ သို့ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှူးဦးစီးဌာန၏ ဖေဖော်ဝါရီ ၂၂ ရက်နေ့ တိုင်းတာချက်များအရ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ အခြေအနေ မှာ ၅၀၃ စင်တီမီတာသို့ရောက် ရှိခဲ့ပြီး ၁၆ နာရီအတွင်း ၁၂ ပေခန့် မြှင့်တက်ခဲ့ကာ ကမ်းစပ် ပိုင်းတွင်ရှိသည့် ဆိုင်တချို့ ရေနစ်မြုပ်မှု ဖြစ်ပွား ခဲ့ကြောင်း၊ မြစ်ဖျားပိုင်းတွင် မြင့်တက်ခဲ့သည် မြစ်ရေများသည် မြစ်အောက်ပိုင်းသို့ စုန်ဆင်းပြီး မြစ်အောက်ပိုင်း ဒေသများတွင် မြစ်ရေကြီးမှုများ ကြုံတွေ့နိုင်သဖြင့် ကြိုတင်သတိပေး ချက်များကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မိုး/ဇလ ဌာနက သတင်းထုတ်ပြန် သတိပေးလိုက်သည်။
ဦးကျော်မိုးဦးက “ထူးခြားမြစ်ရေတက်မှုက လက်ရှိရွာသွန်းခဲ့တဲ့ မိုးရေချိန်တခုတည်းကြောင့်တော့ ဒီလောက် အထိ ဖြစ်မလာနိုင်ပါဘူး။ မိုးကဆက်ရွာမယ့်အခြေအနေရှိပေမယ့် ရေကအထက်မှာ ရပ်တန့်နေပါပြီ၊ မနေ့က တက်ခဲ့တဲ့ရေက မြစ်အောက်ကို ရက်ပိုင်းအတွင်းရောက်လာမှာဖြစ်တဲ့အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ် ”ဟု ဧရာဝတီသို့ပြောသည်။
ဧရာဝတီမြစ်အောက်ပိုင်း မြစ်ရေကြီးမှု သတိပေးချက်တွင် ဗန်းမော်နှင့်ကသာမြို့တို့တွင် ၃ ရက်အတွင်း ၇ပေမှ ၈ပေခန့်၊ မန္တလေး၊စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် ၅ ရက်အတွင်း ၅ပေမှ ၆ပေခန့်နှင့် ချောက်၊မင်းဘူး၊မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၆ရက်မှ ၁၁ ရက်အတွင်း ၄ပေမှ ၅ပေခန့်အထိ လက်ရှိ ရေမှတ် ထက် မြှင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန၏ သတိပေးချက်တွင် ဖော်ပြ ထားသည်။
ဧရာဝတီမြစ်အောက်ပိုင်းတလျောက် ရေမြှင့်တက်လာမည့်အခြေအနေကြောင့် မြစ်အတွင်း သွားလာနေကြသူ များနှင့် သဲသောင်ခုံများပေါ်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေကြ သူများအနေဖြင့် မြစ်ရေရုတ်တရက် တိုးလာနိုင်မှု ကို ဂရုတစိုက်နေထိုင်ကြရန် သတိပေးချက်တွင် ဖော်ပြထားသည်။
မိုးရွာသွန်းမှုအခြေအနေမှာလည်း ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ရှမ်း၊ချင်းပြည်နယ်များနှင့် စစ်ကိုင်း၊မန္တလေး၊ တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကွက်ကြားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရေ ရုတ်တရက် မြှင့်တက်မှုအခြေအနေများတွင် အပှုချိန်မြှင့်တက်လာမှု ကြောင့် မြန်မာနိုင်ငံမြောက်ဖျားရှိ ရေခဲတောင်များ အရည်ပျော်မှုကြောင့်ဖြစ်နိုင်ကြောင်း မိုး/ဇလ ဒုညွှန်ချုပ် ဦးကျော်မိုးဦးက သုံးသပ်ပြောဆိုသည်။