အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လက်ရှိ ဦးသိန်းစိန် အစိုးရ သက်တမ်းကာလအတွင်း လက်မှတ် ထိုးနိုင်ရေးအတွက် အစိုးရဘက်က တကျော့ပြန် ကြိုးပမ်းလျက်ရှိသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ဝင်များသည် ယခုလ ၂၂ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် NCA လက်မှတ် မထိုးရသေးသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တာဝန်ရှိသူများနှင့် အပစ်ရပ်ရေး ဆွေးနွေးမှုများ ပြုလုပ်သည်။
UNFC တွင် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ ပါဝင်လျက်ရှိပြီး သမ္မတ ဦးသိန်းစိန် အစိုးရနှင့် NCA ကို လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ဖြစ်သည်။
ဝန်ကြီး ဦးအောင်မင်း က “ဒါကတော့ ကျနော်တို့ တံခါး မပိတ်ထားဘူး။ ကြိုးစားနေတုန်းပဲ”ဟု အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ UPWC မှ ဝန်ကြီး ဦးအောင်မင်း၊ ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဦးလှမောင်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက် ပြီး UNFC မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်၊ ဗိုလ်ချုပ် ဂွန်မော်နှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်ကို တွေ့ရသည်။
UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က “အရင်က မပြီးပြတ်သေးတဲ့ကိစ္စကို ကျနော်တို့ ဘယ်လိုရှေ့ဆက်လက်တွဲပြီး လုပ်ကြ မလဲပေါ့။ အဖြေရှာကြဖို့ အဲဒါလေးပဲဆက်ပြီး ဘယ်လိုနည်းလမ်း ရှာကြံရင် ရမလဲဆိုတာကို ဆွေးနွေးကြတာပါ။ အမြင် သဘောထား ချင်း ဖလှယ်ကြတာလည်း ပါတာပေါ့”ဟု သတင်းထောက်များကို ပြောသည်။
ဦးသိန်းစိန် အစိုးရ က တိုင်းရင်းသား လက်နက်ကိုင်များနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ၄ နှစ်ကျော် ကြိုးပမ်းခဲ့ သော် လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့်သာ ရေးထိုးနိုင်ခဲ့ပြီး အင်အားကြီး လက်နက်ကိုင်အများစု အပါအဝင် တိုက်ပွဲဖြစ်ပွားနေဆဲ လက်နက်ကိုင် တချို့နှင့် ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC သည် NCA စာချုပ်ကို ပြီးဆုံးသည်အထိ ညှိနှိုင်းရေးဆွဲရာတွင် ပါဝင်ခဲ့သော်လည်း အဖွဲ့ဝင် လက်နက်ကိုင်အားလုံး လက်မှတ်ရေးထိုးရန် တောင်းဆိုမှု ဖြစ်သည့် အားလုံးပါဝင်ရေးကို အစိုးရဘက် က လက်မခံခဲ့သဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ပျက်ပြယ်ခဲ့ရသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု UNFC ဘက်က အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ထားဆဲဖြစ်ခြင်းကြောင့် လက်မှတ်ထိုးရန် ထပ်မံကြိုးစားမှုသည် ဖြစ်လာနိုင်ပါ့မလားဟူသော မေးမြန်းမှုအပေါ် ဝန်ကြီး ဦးအောင်မင်း က“ဒါကတော့ အဆင့်လိုက် ကြိုးစားရမှာ ပေါ့ဗျာ။ အဆင့်လိုက်ကြိုးစားရမှာပေါ့”ဟု ပြန်လည် ဖြေကြားသည်။
UNFC ဘက်ကတော့ ဦးသိန်းစိန် အစိုးရ၏ လက်ကျန် တလ ကာလအတွင်း လက်မှတ်ထိုးရေး အပါအဝင် ရှေ့ဆက် ဆွေးနွေးရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး“ဒါကတော့ ကျနော်တို့ နှစ်ဦး နှစ်ဖက် ရှေ့ဆက်တွေ့ဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒီအဆင့်အထိတော့ ကျနော်တို့ မဆွေးနွေးဖြစ်ဘူး”ဟု ခူဦးရယ် က အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။
လက်ရှိ UNFC အဖွဲဝင် ၉ ဖွဲ့မှာ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရခိုင် အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) နှင့် “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ဖြစ်ကြသည်။