Environment

အယ်နီညိုဖြစ်စဉ် အစိုးရ အလေးမထားမည်ကို လွှတ်တော် စိုးရိမ်

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း ပေါ်ပေါက်လာမည့် အယ်နီညို ရာသီဥတု ဖြစ်စဉ်ကို အစိုးရအနေဖြင့် အလေးထား ဂရုစိုက်မှု မရှိမည်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်တွင် ယနေ့ ဆွေးနွေသည့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို အကျိုး သက်ရောက်မှုကြောင့် မြန်မာနိုင်ငံတဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အင်တိုက်အားတိုက် ဆွေးနွေးခဲ့ကြသည်။

ယင်းအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အယ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ထိခိုက်နိုင်ပြီး စားနပ်ရိက္ခာ ရှားပါးခြင်း၊ ရေရှားပါးခြင်း၊ မီးဘေးအန္တရာယ်များ ကြုံတွေ့နိုင်ခြင်း၊ အပူချိန် မြင့်မားမှုကြောင့် ရောဂါအမျိုးမျိုး ကျရောက်လာနိုင်ခြင်း စသည့် အချက်အလက်များကြောင့် နိုင်ငံတည်ငြိမ်မှုအထိပါ ထိခိုက်လာနိုင်သောကြောင့် အစိုးရအနေဖြင့် ယခု ဖြစ်စဉ် ကို အမျိုးသားရေး တာဝန်တရပ်အဖြစ် သတ်မှတ်၍ပါ စောင့်ကြည့်ကာကွယ်ရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

အစိုးရက သဘာဝဘေးအန္တရာယ် ကျရောက်ပါက အမြန်ဆုံး တုန့်ပြန် ဖြေရှင်းရန် စီမံချက်များ ရေးဆွဲခြင်း၊ လိုအပ်ချက်များကို ဟာကွက်မရှိအောင် ပြုလုပ် ထားသော်လည်း ယင်းစီမံချက်များမှာ ဖိုင်တွဲများအတွင်း၌သာရှိပြီး လက်တွေ့တွင် တုန့်ပြန်မှု နှေးကွေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ ရှိနေကြောင်း အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက လွှတ်တော်တွင် ပြောသည်။

ဒေါက်တာလှမိုးက“အယ်နီညိုက ၆ လလောက် ကြိုတင်သိရှိ အသိပေးကြေညာထားတဲ့ သဘာ၀ ဘေးအန္တရာယ်ပါ။ ကြိုတင်ပြင်ဆင်ချိန် ရထားပါရက်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးရဲ့ စာရွက်ပေါ်က စီမံချက်လောက်နဲ့သာ တာဝန်ကျေနေမယ်ဆိုရင် ကြိုတင်ဆောင်ရွက်မှုတွေ မလုပ်ဆောင်နိုင်ခဲ့ရင် ပူးပေါင်းဆောင်ရွက်မှုတွေ မရှိခဲ့ဘူးဆိုရင် ဆုံးရှုံးမှု ပမာဏဟာ ပိုမိုကြီးမားလာမှာပါ။ နောက်ဆုံးအဆင့် နိုင်ငံတည်ငြိမ်မှုကိုပါ ပျက်ပြားလာနိုင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အယ်နီညိုဖြစ်စဉ်ကို ရင်ဆိုင်နိုင်ရန် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကြား အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်မိုးက လွှတ်တော်တွင် ဆွေးနွေးသည်။

“ရေနဲ့ လျှပ်စစ်ကို ချွေတာသုံးစွဲဖို့ လိုပါတယ်။ အပူများတဲ့အတွက် မျက်စိ၊ ဝမ်း၊ အရေးပြား ရောဂါတွေပါ ဖြစ်ပွားနိုင်ပါတယ်’’ဟု ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ထိခိုက်မှုအခံရဆုံး ၁၀ နိုင်ငံတွင် ပါဝင်သော်လည်း ကြိုတင်ပြင်ဆင်မှု အားနည်းသည့်အပြင် တိုင်းပြည်တွင် တရားဥပဒေ စိုးမိုးမှု အားနည်းသဖြင့် ကချင်၊ စစ်ကိုင်းဒေသတို့တွင် သစ်တောပြုန်းတီးမှု များပြားခြင်းတို့ကလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လျက်ရှိကြောင်း၊ နှစ်စဉ် ရေရှားပါးမှု ကြုံတွေ့နေရသည့် ဒလမြို့နယ်သည် ဧပြီလရောက်မှသာလျှင် ရေခန်းခြောက်လေ့ရှိသော်လည်း ယခုမတ်လတွင်ပင် ယင်းပြဿနာကို စတင်ရင်ဆိုင်နေရပြီဟု လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။

ထို့ပြင် ယခု ကြိုတင်ကာကွယ်နိုင်သည့် အယ်နီညိုဖြစ်စဉ်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းနှင့် ရေကြီးရေလျှံမှု ဖြစ်စဉ်များကို အစိုးရ၏ တုန့်ပြန် ဆောင်ရွက်မှုများနှင့် နှိုင်းယှဉ်၍ အစိုးရအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြခဲ့ကြသည်။

အယ်နီညိုဆိုသည်မှာ စပိန်ဘာသာဖြင့် သမုဒ္ဒရာရေစီးကြောင်းကို ခေါ်ဆိုခြင်း ဖြစ်သည်ဟု တပ်မတော်သား ကိုယ်စားလှယ်တဦး၏ ဆွေးနွေးမှုအရ သိရသည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် ယနေ့ ဆွေးနွေးလျက်ရှိပြီး မနက်ဖြန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထပ်မံဆွေးနွေးသွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။

Loading