ချင်းပြည်နယ် မင်းတပ်မြို့ စံပြရပ်ကွက် ရှိ စည်ပင်သာယာဈေးသည် ယနေ့ နေ့လယ်ပိုင်းတွင် ၁ နာရီကျော်ကြာ မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၂၄ ခန်း မီးလောင်ပျက်စီးသွားကြောင်း မင်းတပ်မြို့နယ် မီးသတ်တပ်ဖွဲ့ ထံမှ သတင်းရရှိသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပတ်သတ်ပြီး အသေးစိတ်မသိရှိရသေးကြောင်း၊ မင်းတပ် စည်ပင်ဈေးတွင် ဆိုင်ခန်း ၆၄ ခန်းရှိသည့်အနက်မှ ၂၄ ခန်း မီးလောင်ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခုတော့ မီးတွေ ငြှိမ်းနိုင်ပြီ။ မီးလောင်တဲ့အချိန် ဈေးသည်တွေက ဈေးထဲမှာရှိနေတုန်းပါ။ ဒီဈေးထဲမှာ ညလည်း အိပ်တယ် ထမင်းလည်း ချက်စားတယ်။ အန္တရာယ်များတယ်။ မီးသတ်ကား မြန်မြန် ငြှိမ်းနိုင်ခဲ့ ရင်တော့ ဒီလောက်ကြီး လောင်စရာ အကြောင်းမရှိပါဘူး။ တမြို့လုံး ကလူတွေက လာကူနေရတယ်” ဟု မင်းတပ် ဒေသခံ ဦးရှယ်အွမ်က ဆိုသည်။
လတ်တလော မီးဘေးသင့် ဈေးတွင် နေထိုင်သည့် ဈေးသည်များအတွက် နေထိုင်စားသောက်ရေးအတွက် ကူညီပံ့ပိုးပေးရန် လိုအပ်နေကြောင်း သိရှိရသည်။