သတင်း

ကချင် ဘိန်းတိုက်ဖျက်ရေးအဖွဲ့ ခရီးဆက်ခွင့်ရ

This article has been converted from Zawgyi One to Unicode

အထူးဒေသ (၁) ရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားနေစဉ် ကချင်ပြည်နယ်၊ ချီဖွေလမ်းခွဲတွင် တပတ်ကြာ တားဆီးခြင်း ခံထားရသည့် ကချင်လူထု အခြေပြု ဘိန်းတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အား ယနေ့တွင် သက်ဆိုင်ရာ အာဏာပိုင်များက သွားခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

Pat Jasan အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာ အာဏာပိုင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အကြောင်း မထူးသည့်အတွက် တားဆီးခြင်း ခံထားရသည့်နေရာမှ ရှေ့ခရီးဆက်သွားနိုင်ရန် ကြိုးစားသွားမည်ဟု ဖေဖော်ဝါရီ ၂၂ ရက်က ဆုံးဖြတ်ချက်ချပြီးနောက် ယနေ့တွင် သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ခြင်းကြောင်း Pat Jasan အဖွဲ့ဝင်များက ပြောသည်။

“အသင်းတော် ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဆုတောင်းခြင်းနဲ့ ကျော်ဖြတ်ပြီးမှ ရှေ့ကိုချီတက်နေပါတယ်။ ကျနော်တို့ မနေ့က ဆုံးဖြတ်ချက်ပြီး ဒီနေ့ သူတို့က follow up လုပ်တဲ့သဘော ရှိပါတယ်။ လုံခြုံရေးက အခုလောလောဆယ် လမ်းခရီးမှာပဲ ရှိသေးတဲ့အတွက် သူတို့လိုက်မယ် ဆိုတာတော့ ကြားသိရပေမယ့် တကယ်လိုက်မလိုက် ဆိုတာကတော့ ရှေ့တန်းမျက်နှာပြင်ရောက်မှပဲ တွေ့ရမှာပါ” ဟု ဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ဦးမုန်းဆန်က ဧရာဝတီကို ပြောဆိုသည်။

Pat Jasan အဖွဲ့သည် ဆဒုံး၊ ချီဖွေ ဒေသရှိ ဘိန်းခင်းများအား သွားရောက်ဖျက်ဆီးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ပြီး ဝိုင်းမော်မြို့သို့ ထွက်လာစဉ် ချီဖွေလမ်းခွဲသို့ရောက်စဉ်တွင် တပ်မတော်မှ အထက်အမိန့်ဟုဆိုကာ တားဆီးခြင်း ခံထားရခြင်း ဖြစ်သည်။

အဖွဲ့ဝင် ၃၀၀၀ ခန့် ရှိသည့် Pat Jasan အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ချီဖွေလမ်းခွဲမှ ဘွမ်တောင်အထိ ဆက်လက် ချီတက်မည်ဖြစ်ပြီး အထူးဒေသ (၁) ရှိ ဘိန်းစိုက်ခင်းများရှိရာ တောင်ကြားများသို့ သွားရောက်ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ဘိန်းခင်းများကို စတင်ဖျက်ဆီးရန် စီစဉ်ထားကြောင်း သိရသည်။

Loading