ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၃၀ ကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး၍ ရနောင်း မြို့ရှိ ထိန်း သိမ်း ရေး စခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ တောင်ပိုင်း ကုဘူရီ ခရိုင်ရှိ တောထဲ၌ သွားလာနေကြစဉ် ထိုင်းစစ်တပ်၏ ဖမ်းဆီးခံရခြင်း ဖြစ် သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်း က ဧရာဝတီ ကို ပြောသည်။
ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးမှ လာရောက်ကြသူများဖြစ်ပြီး အမျိုးသမီး ၇ ဦးနှင့်အမျိုးသား ၂၈ ဦး တို့ဖြစ်ကြောင်း၊ ထိုင်းတောင်ပိုင်း ဒေသများ၌ အလုပ်သမားအများအပြား လိုအပ်နေသည့်အတွက် လူပွဲစားများ၏ တရားမဝင် လူကုန် ကူးမှု ခံရခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းလည်း ဦးကျော်သောင်း က ပြောပြသည်။
၎င်းက ဆက်လက်၍လည်း“မြန်မာ လူကုန်ကူးဂိုဏ်းနဲ့ ထိုင်း လူကုန်ကူးဂိုဏ်းတွေက ပူးပေါင်ပြီး လူကုန်ကူးကြတာပါ ၊ ဂိုဏ်း ခေါင်းဆောင်တွေကိုတော့ ဖမ်းမမိသေးပါဘူး၊ နှစ်နိုင်ငံ အစိုးရကလည်း စနစ်တကျ မကိုင်တွယ်သမျှ လူကုန်ကူးတာတွေ ဆက်ဖြစ်နေ ဦးမှာပါ”ဟု ပြောဆိုသည်။
ထိန်းသိမ်းရေး စခန်း၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးမည် ဆိုသည်ကို အတိအကျ မသိရသေးကြောင်း၊ သို့သော် ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ တဦးသည် ရနောင်း မြို့သို့ သွားရောက်မည့် ခရီးစဉ်ရှိနေခြင်းကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားများ အရေးကိုပါ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ အလုပ်သမား သံအရာရှိ ဦးစိုးနိုင် ကလည်း ဧရာဝတီ ကို ပြောသည်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားများကို ကော့သောင်း ခရိုင်ရှိ ခမောက်ကြီးမြို့နယ် အခြေစိုက် မြန်မာ လူကုန်ကူးဂိုဏ်းနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသား လူကုန်ကူးဂိုဏ်းတို့ပူးပေါင်း၍ လူကုန်ကူးခြင်း ဖြစ်ကြောင်း၊ လူကုန်ကူးခံရသူများသည် တဦးလျှင် ထိုင်းဘတ် ငွေ ၇၀၀၀ (ကျပ် ၂ သိန်းကျော် ) မှ ၁၅၀၀၀ အထိ ပေးခဲ့ရကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသားများသည် အလုပ်အကိုင် ရရှိရေးအတွက် ထိုင်းနိုင်ငံတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် လာရောက်နေကြပြီး နယ်စပ်မှ တဆင့် တရားမဝင် လာရောက်သောကြောင့် ထိန်းသိမ်းရေး စခန်းအသီးသီး၌ ဖမ်းဆီးခံထားရသူ ထောင်ချီ ရှိကြောင်း၊ သို့သော် မြန်မာ အစိုးရ အာဏာပိုင်များ အနေဖြင့် မိမိနိုင်ငံသားများအား အလေးထား ကူညီပေးမှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများက ပြောသည်။
ထိုင်းနိုင်ငံ၌ မကြာမီ စတင်တော့မည့် ၂ နှစ် သက်တမ်းခံ ပန်းရောင် ဘတ်ကတ်များ လုပ်ဆောင်ပေးမည့် အစီအစဉ် ရှိခြင်း၊ မြန်မာနိုင်ငံ၌ အလုပ်အကိုင် ရှားပါးခြင်း တို့ကြောင့် လူကုန်မှုများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ခြေ ရှိကြောင်းလည်း ဦးကျော်သောင်းက ပြောဆို သည်။
ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်သူများအား ထိုင်းနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ် ၄၈ ရက် ချမှတ်ခံပြီးပါ က သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်း ခံရမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တဝန်း၌ မြန်မာ အလုပ်သမား ၃ သန်း ခန့်ရှိပြီး ယာယီနှစ်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ ၁ ဒသမ ၇ သန်း၊ MOU ဖြင့် လာရောက်သူ ၂ သိန်းနှင့် ထိုင်းနိုင်ငံ အစိုးရမှ ထုတ်ပေးထားသော ပန်းရောက်ကတ် ကိုင်ဆောင်ထားသူ ၅ သိန်း ဝန်းကျင်ရှိ ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) အဖွဲ့ က ထုတ်ပြန် ပြောဆိုထားသည်။