နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှ ပုံပေါင်းနှစ်သောင်းသုံးထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့် 2016 Sony World Photography Awardsတွင် ရန်ကုန်နှင့်တောင်ကြိးအခြေစိုက် မြန်မာနိုင်ငံသား ဓာတ်ပုံဆရာ ၂ ဦးသည် နောက်ဆုံးအဆင့် ဆန်ကာတင်စာရင်းဝင်ခဲ့ကြောင်း ဆိုနီကုမ္ပဏီမှ သတင်းထုတ်ပြန်သည်။ Open Arts and Culture ဆိုသည့်ခေါင်းစဉ်အောက်တွင် ရန်ကုန်အခြေစိုက် ဓာတ်ပုံဆရာတဦးဖြစ်သူ ဦးကျော်ဘိုဘိုဟန်သည် ဗုဒ္ဓဘာသာရဟန်းတေ်ာများ မနက်ခင်းအချိန်တွင်ဆွမ်းခံနေကြပုံကို ရိုက်ကူးထားသည့်ဓာတ်ပုံနှင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး Open Low Light ဆိုသည့်ခေါင်းစဉ်အောက်တွင် တောင်ကြီးမြို့အခြေစိုက်ဓာတ်ပုံဆရာ ဦးစိုင်းအောင်မင်းက ပုဂံဘုရားတစ်ဆူတွင် လူကြီးတယောက်ဆေးလိပ်သောက်ကာ တွေးတောနေပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံနှင့်ဝင်ရောက်ယှဉ်ပြိုင်ရာမှ ယခုကဲ့သို့ ဆန်ကာတင်စာရင်း ဝင်လာခြင်းဖြစ်သည်။ ယခုလက်ရှိ စကာတင် စာရင်းဝင်သူများအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဌအလိုက် ဆက်လက်ယှဉ်ပြိုင်နေဆဲ ဖြစ်ကာ ဆုရရှိသူများအား ဧပြီလ ၂၁ ရက် လန်ဒန်တွင် ဆုချီးမြှင့်မည် ဖြစ်သည်။ ဆုရရှိသူများအနေဖြင့် Open Photographer of the Year titles အပါအဝင် အမေရိကန်ဒေါ်လာ ၅ ထောင် နှင့် နောက်ဆုံးပေါ် Sony camera ကို ရရှိမှာဖြစ်သကဲ့သို့ ဧပြီနှင့် မေတွင် ပြုလုပ်သော 2016 Sony World Photography Awards exhibition နှင့် 2016 တွင် ထုတ်ဝေမည့် Sony World Photography Awards စာအုပ် ၌ ထည့်သွင်းဖော်ပြပေးမည်ဖြစ်ကြောင်း ဆိုနီကုမ္ပဏီမှ သတင်းထုတ်ပြန်သည်။ အောက်ပါလင့်တွင် ဆုရဓာတ်ပုံများအား ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
press.worldphoto.org