၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သူ မနီလာသိန်းကို ယနေ့ နေ့လယ် ၁၂ နာရီ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ ရုံးခန်းတွင် မရမ်းကုန်းမြို့နယ် ရဲစခန်းက တရားမဝင်ခွင့်ပြုချက် မရှိဘဲ စုဝေးလှည့်လည် ဆန္ဒပြမှု ကျူးလွန်သည်ဟုဆိုကာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ခေါ်သွားကြောင်း သတင်းရရှိသည်။
ပုဒ်မ ၁၈ ဖြင့် အဖမ်းခံလိုက်ရသော မနီလာသိန်းက အာမခံ ယူမည်မဟုတ်ဘဲ တရားရုံးတွင်လည်း ဖြေရှင်းခြင်း၊ တရားသူကြီး၏ မေးမြန်းချက်များကို ဖြေကြားခြင်းများ လုံး၀ ပြုလုပ်မည်မဟုတ်ကြောင်း၊ ဖမ်းဆီး အကျဉ်းကျခံမည်ဖြစ်ကြောင်း သိရှိရသည်။
“ ၈၈ ရုံးမှာ မရမ်းကုန်းမြို့နယ် ရဲစခန်းမှူးက လာခေါ်သွားတာပါ။ ဒီနေ့ တရားရုံးချိန်းမှာ မနီလာသိန်းက အာမခံ မယူဘူးဆိုရင် သူ့ကို တခါထဲ အကျဉ်းထောင် ခေါ်သွားမယ်။ သူကတော့ အစကတည်းက တရားရုံးနဲ့ ညှိနှိုင်း ဆောင်ရွက်တာမျိုး၊ အာမခံ ယူတာမျိုး မလုပ်ဘူးလို့ ပြောထားတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်း၊ ပွင့်လင်း လူ့အဖွဲ့အစည်းဝင် ကိုမာကီက ဆိုသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လက်ပံတန်းကျောင်းသား သပိတ်ကို ထောက်ခံဆန္ဒပြခဲ့သည့် အတွက် မနီလာသိန်း အပါအဝင် ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းနှင့် မဖြိုးဖြိုးအောင်တို့ကို မရမ်းကုန်းမြို့နယ်တွင် တရားရင်ဆိုင်ရန် အမှုဖွင့်ခဲ့ကြောင်း၊ မနီလာသိန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၈၈ ရုံးခန်းသို့ ရဲအုပ်သန်းဝင်းနှင့် အဖွဲ့က အမှုရင်ဆိုင်ရန် လာရောက် အသိပေး အကြောင်းကြားခဲ့သည်။
ယင်းအသိပေးအကြောင်းကြားမှသာ မနီးလာသိန်းအနေနှင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားမှန်း သိခွင့်ရခဲ့ပြီး ၎င်းကိုလည်း ယင်းအမှုကို လာရောက် ရင်ဆိုင်ခြင်း မရှိသူ အဖြစ် ဖမ်းဝရမ်း ထုတ်ထားကြောင်းကိုပါ တပါတည်း သိရှိခဲ့ရခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရတို့ အုပ်ချုပ်ရေး အာဏာ မလွွဲှပြောင်းမီ နိုင်ငံရေး တက်ကြွလှုပ်ရှားသူအများစုကို မြို့နယ်အသီးသီးတွင် ပုဒ်မ ၁၈ ဖြင့် လှုပ်ရှားမှုအဟောင်းများကို ခေါင်းစဉ်တပ်ကာ ဖမ်းဆီး တရားစွဲဆိုမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ မဖြိုးဖြိုးအောင်သည် မြို့နယ်ပေါင်း ၁၀ ကျော်မှ ပုဒ်မ ၁၈ ဖြင့် အမှုပေါင်း ၁၀ မှုကျော် တရားရင်ဆိုင်နေရသည်။