သတင်းတို

တောင်တရုတ်ပင်လယ်မှာ ရွေ့လျားအမြောက်တပ်ချဖို့ အမေရိကန်စီစဉ်နေ

This article has been converted from Zawgyi One to Unicode

တောင်တရုတ်ပင်လယ်မှာ ရွေ့လျားအမြောက်တပ်ချဖို့ အမေရိကန်စီစဉ်နေ
အမေရိကန်က တောင်တရုတ်ပင်လယ်မှာ ရွေ့လျား အမြောက်တပ်ဖွဲ့တဖွဲ့ ဖြန့်ချထားနိုင်ဖို့ မဟာဗျူဟာတရပ် ရေးဆွဲနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် စစ်ဘက်အရာရှိတဦးကို ကိုးကားပြီး ကာကွယ်ရေးဆိုင်ရာ သတင်းတွေကဆိုပါတယ်။

ဒီရွေ့လျား အမြောက်တပ်ဖွဲ့ဟာ ထိုးစစ်လက်နက်အဖြစ်သာမက တဖက်မှ ပစ်ခတ်လာမယ့် ခရုဇ် ဒုံးပျံလို ဒုံးကျည်တွေတောင် လေထဲမှာပင် ပစ်ခတ်ဖျက်ဆီးနိုင်ပြီး ခံစစ်လက်နက် အဖြစ်ပါ ပြောင်းလဲ အသုံးပြုနိုင်မယ်လို့ အဆိုပါ အရာရှိက ဆိုပါတယ်။

ဒါပေမယ့် ဒီလိုလက်နက်တွေ ချထားမယ်ဆိုရင် ဒေသတွင်းက မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးတယ်လို့လည်း ပြောပါတယ်။

စစ်ရေးတည်ဆောက်မှု ပိုမိုမြင့်တက်လာနေတဲ့ တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်နိုင်ငံက လေယာဉ်များ တက်ဆင်းနိုင်ပြီး စစ်ရေးအရ အရေးပါတဲ့ လူလုပ်ကျွန်းတကျွန်းတည်ဆောက်ပြီးတဲ့ နောက်ပိုင်းမှာ တင်းမာမှု များ ပိုမိုလာပြီးနောက် အမေရိကန်က ရွေ့လျားအမြောက်တပ်ဖွဲ့ ချထားဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်က အငြင်းပွား နေတဲ့ စပတ်တလီကျွန်းစုမှာရှိတဲ့ သန္တာကျောက်တန်း တခုမှာ အဆင့်မြင့်ရေဒါစနစ်တခု၊ မီးပြတိုက်၊ မြေအောက်ကတုတ်ကျင်းတွေ၊ ရဟတ်ယာဉ် ဆင်းနိုင်မယ့် နေရာတွေကို တည်ဆောက်နေတယ်လို့ အမေရိကန် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ CSIS က ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်ပါသေးတယ်။

အခုချထားမယ့် ရွေ့လျား အမြောက်တပ်ဖွဲ့မျိုးကို တောင်တရုတ်ပင်လယ်မှာသာမက အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဥရောပလို နေရာမျိုးမှာလည်း ချထားနိုင်တယ်လို့ သိရပါတယ်။

Loading