ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားများ၊ ပစ္စယံများပေါ်သို့ တက်ရောက်ခွင့်မပြုဟု ဆိုသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မိမိ၏ သဘောထားမပါရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က သူ၏ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ဖော်ပြလိုက်ပါတယ်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ယဉ်ကျေးမှု ဝန်ကြီးဌာနက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ရှိ ဘုရားများ၊ ပစ္စယံများပေါ်သို့ လာမည့် မတ်လ ၁ရက်နေ့မှ စ၍ တက်ရောက်ခွင့်မပေးတော့ဟု ဌာန ပိုင် Facebook Page တွင် ဖော်ပြခဲ့ပြီးနောက် ၊ ဖေဖေါ်ဝါရီ ၂၃ရက်နေ့တွင် ေရွှဆံတော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီဟူသည့် ဘုရား(၅)ဆူ၏ ပစ္စယံများပေါ်သို့ ပြည်တွင်းပြည်ပ ဧည့် သည် များကို တက်ရောက်ရန်အတွက် ခွင့့်ပြုသည်ဟု ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ဤဆုံးဖြတ်ချက်များသည် သူမနှင့် မသက်ဆိုင်ကြောင်း သူမ၏ ကိုယ်ပိုင် Facebook Page တွင် ဤသို့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားများ၊ ပစ္စယံများ ပေါ်သို့ (၁-၃-၂၀၁၆)ရက်မှစ၍ တက်ခွင့်မပြုကြောင်းကို ယဉ်ကျေးမှုဝန်ကြီး ဌာန၏ FB စာမျက်နှာတွင်လည်းကောင်း၊ (၂၃-၂-၂၀၁၆) ရက်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ များတွင်လည်းကောင်း ဖော်ပြထားရှိမှုများသည် မိမိသဘောထား လုံး၀ မပါရှိပါ။
ပုဂံစေတီပုထိုးများပေါ်သို့တက်ရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း အသိပေးသည့်စာအား (၂၂-၂-၂၀၁၆) ရက် ညနေပိုင်းမှာ မိမိကို ပေးပို့ခဲ့ပြီး မိမိတို့နှင့် အကြံဉာဏ်ရယူခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ သဘောထားတောင်းခံခြင်းမရှိဘဲ ၎င်းညနေပိုင်းမှာပင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ FB စာမျက်နှာမှတဆင့် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
မိမိအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်း သိမ်းရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိရေး တို့ကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်လျက် ရှိပါသည်။
ထို့ကြောင့်လည်း ပုဂံဒေသသို့ လုပ်ငန်းစစ်ဆေးသွားရောက်သည့် (၂၉-၁-၂၀၁၂)ရက်၊ (၇-၂-၂၀၁၃)ရက်နှင့် အခြားခရီးစဉ်များအတွင်း ပြာသာဒ်ကြီး၊ ရွှေဆံတော်၊ မင်္ဂလာတေီ၊ သစ္စာဝတီ၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သိကြားဟစ်၊ ရွာဟောင်းကြီး၊ ဘူးလယ်သီး၊ စူဠာမဏိဘုရား အပါအဝင် အခြားဘုရားများနှင့် ပတ်ဝန်းကျင်ရှုခင်းများကို ကိုယ်တိုင်လေ့လာကြည့်ရှုစစ်ဆေးပြီး ပြာသာဒ်ကြီး၊ ၊
ရွှေဆံတော်၊ သစ္စာဝတီ၊ တောင်ဂူနီ၊ မြောက်ဂူနီနှင့် သိကြားဟစ်ဘုရားတို့ကို ခွင့်ပြုပေးခဲ့ပါသည်။
ရှားပါး အဖိုးတန်အနုလက်ရာများရှိသော ဘုရားများနှင့် အတွင်းပိုင်း ခိုင်ခံ့မှုစိတ်မချရသော ဘုရားများကိုမူ ခွင့်မပြုပေးခဲ့ပါ။ ( ဥပမာ – စူဠာမဏိ၊ ကန်တော့ပလ္လင်၊ ရွာဟောင်းကြီး၊ ဓမ္မရာဇက၊ သဗ္ဗေညု၊ ဓမ္မရံကြီး အစရှိသည်များ အပါအဝင်. . . )
ခရီးသွားဧည့်သည်များလည်း ထိုက်ထိုက်တန်တန် လေ့လာကြည့်ရှုနိုင်ခြင်း၊ အန္တရာယ်ကင်းရှင်းစေခြင်း၊ ထုထည်/အလယ်မဏ္ဍိုင်ရှိပြီး အပြင်ပန်းစစ်ဆေးချက်အရ ခိုင်ခံ့မှုရှိခြင်း၊ တန်ဖိုးကြီးရှားပါးပြောင်မြောက်သော အနုလက်ရာ(နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်းတော့၊ ကျောက်ပန်းတမော့၊ စဉ့်ကွင်းစဉ့်ချပ်များ၊ သစ်သားပန်းပုများ) နည်းပါးခြင်းစသည့်အချက်များ အပြင် ခရီးသွားကားများရပ်နားရန် နေရာ အကျယ်အဝန်း အသင့်အတင့်ရှိခြင်း၊ဒေသခံတို့၏ ယာခင်းများ ထိခိုက်ပျက်စီးမှု နည်းပါးစေခြင်း၊ ဝင်လမ်းထွက်လမ်းအဆင်ပြေခြင်း၊ ပုဂံ ရှုခင်းကြည့်ရှုရန် အဆင်ပြေခြင်းစသည့်အချက်များကို ဘက်ပေါင်းစုံက စဉ်းစားပြီးမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့် ယခုလို အဖွဲ့တစ်ဖွဲ့၏ ဆောင်ရွက်ချက်ကြောင့် ဒေသခံအဖွဲ့အစည်းများအား အနှောင့်အယှက်ဖြစ်စေမည့် တားမြစ်ချက်ကို မိမိအနေဖြင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူခြင်းမပြုဘဲ အလျင်စလို ဆုံးဖြတ်ဆောင်ရွက်မည်မဟုတ်သလို မိမိတစ်ဦးတည်းသဘောထားဖြင့်လည်း ဝန်ကြီးဌာနကိုယ်စားပြု ပြီး သတင်းထုတ်ပြန်မည် မဟုတ်ပါ။
အမှန်မှာ ဘုရားများပိုမိုယိုယွင်းမှုမရှိစေရေး အတွက် လူဦးရေအကန့်အသတ်ဖြင့် တက်ရောက်စေမည့် အစီအစဉ်လျာထားပြီးဖြစ်ပါသည်။ ဝန်ထမ်းအင်အားမလုံလောက်သဖြင့် မဆောင်ရွက်နိုင်သေးခြင်းဖြစ်ပါသည်။
ဤကိစ္စမျိုးသည် ပုဂံဒေသရှိ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်း၊ လုပ်ဆောင်ရန်အမှန်တကယ်လိုအပ်ပါကလည်း နှိုးဆော်သတိပေးခြင်း၊ ကြိုတင်သတိပေးခြင်းတို့ လုပ်ဆောင်ပြီးမှသာ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း နိုးကြားသတိရှိအောင် ကြပ်မတ်ခြင်းတို့ဖြင့်သာ ဆောင်ရွက်သင့်ပါကြောင်း
အသိပေးပါသည်။