နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်း၏ Pokhara မှ Jomsom သို့ ပျံသန်းလာသော Twin Otter လေယာဉ်သည် နီပေါနိုင်ငံ အနောက်ဘက်ဧရိယာတွင် ပျက်ကျ၍ လိုက်ပါလာသောခရီးသည် ၂၃ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လေယာဉ်မှာ ထွက်ခွာသွားပြီး ၁၀မိနစ်ခန့်တွင် လေကြောင်းထိန်းသိမ်းရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော လေယာဉ်အမှူထမ်း၃ဦးနှင့် ခရီးသည် ၂၀ဦးတို့အနက် တရုတ်နိုင်ငံသား တဦးနှင့် ကူဝိတ်နိုင်ငံသားတဦးတို့ ပါဝင်ပါသည်။
နီပေါနိုင်ငံ Civil Aviation Authority ၏ ညွှန်ကြားရေးမှူး Sanjiv Gautam ၏ ပြောကြားချက်အရ အဆိုပါလေယာဉ်သည် Myagdi ခရိုင် Dana ကျေးရွာအနီးတွင် ပျက်ကျနေသည်ကို တွေ့ရကြောင်း သိရသည်။
၁၉၄၉ခုနှစ် ကတည်းက နီပေါနိုင်ငံတွင် လေယာဉ်စတင်အသုံးပြုခဲ့ပြီး လေယာဉ်ပျက်ကျခြင်း၊ ရဟတ်ယာဉ်ပျက်ကျခြင်း အကြိမ် ၇၀ကျော် ဖြစ်ပွားခဲ့ကာ လူပေါင်း ၇၀၀ကျော် သေဆုံးခဲ့သည်။