သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဖိတ်ခေါ်မှုဖြင့် မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားခဲ့သည်မှာ ၂ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ နိုင်ငံသား ပြန်လည်ဖြစ်ခွင့်မရသေးကြောင်း လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုကြသည်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပြန်လည် နေထိုင်လိုသူများကို အစိုးရက မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားခွင့်ပြုခဲ့ကြောင်း၊ လျှောက်ထားသူ အများစုသည် ၂၀၁၄ ခုနှစ် မတ်လနောက်ပိုင်းမှ စတင်ကာ နိုင်ငံသားဖြစ်ခွင့် ပြန်လည်လျှောက်ထားခဲ့သော်လည်း ယနေ့အချိန်ထိ အစိုးရဘက်က တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း လျှောက်ထားသူများက ပြောသည်။
မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားခဲ့သူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဘိုကြည်က “ဘာကိစ္စကြောင့်လဲ အခုထိ မပြောဘူး။ ကျနော်တို့ လျှောက်ထားတာက အခုထိ ထူးခြားတာ မရှိဘူး။ ကျနော်တို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်ဖို့၊ ကာကွယ်ဖို့ တစိုက်မတ်မတ် လုပ်နေတာလေ။ ကျနော်တို့က တိုင်းပြည်အတွက် အသုံးမဝင်လို့လားပေါ့။ အခု ကိုယ့်ကိုယ်ကိုယ် အဲဒီလို မေးခွန်းပြန်ထုတ်ရမယ့် အနေအထား ဖြစ်နေတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက လူတွေတောင် လွယ်လွယ်ကူကူနဲ့ နိုင်ငံသားပြန်ဖြစ်ခွင့် ရနေတာကို ဘာဖြစ်လို့ ကျနော်တို့လို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဘာလို့မဖြစ်ရတာလဲလို့ အစိုးရကို မေးချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံသား မှတ်ပုံတင်လက်မှတ် ပျောက်ဆုံးကြောင်း ပြန်လည် လျှောက်ထားခဲ့ရာတွင် မှတ်ပုံတင်ကတ်မှာ အဆင်သင့် ရရှိပြီးဖြစ်သော်လည်း ကာယကံရှင်ကိုပေးရန် အမိန့်မရသဖြင့် ပေး၍မရကြောင်း သင်္ဃန်းကျွန်းမြို့နယ် လ.ဝ.က က ပြောကြားခဲ့သည်ဟု ဦးဘိုကြည်က ပြောပြသည်။
မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး အခြေအနေများမှာ မြန်ဆန်စွာ တိုးတက်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်း၊ အစိုးရအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူများကို နိုင်ငံသား ပြန်လည် ဖြစ်ခွင့်ပေးရေးကို သုံးသပ် စဉ်းစားရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး လှုပ်ရှားသူများအနေဖြင့် တိုင်းပြည်၏ အချို့ကိစ္စများကို ဖြေရှင်းရာတွင် ထဲထဲဝင်ဝင် အလုပ်လုပ်နိုင်ရန် နိုင်ငံသားဖြစ်ဖို့ လိုအပ်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူများက ဝေဖန်ပြောဆိုသည်။
အလားတူ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ကျနော် လျှောက်ထားတာ ၂ နှစ်ခွဲ ရှိပြီ။ ဘာမှ ပြန်မလာဘူး။ ကျနော်တို့သည် ဒီနိုင်ငံက ထွက်သွားတုန်းကလည်း နိုင်ငံရေးလုပ်ရင်း ထွက်သွားတယ်။ ပြန်လာတော့လည်း နိုင်ငံရေး ဆက်လုပ်မယ်၊ ဒါသည် ပါတီနိုင်ငံရေး မဟုတ်ဘူး။ ကိုယ်ကျွမ်းကျင်တဲ့ နိုင်ငံရေး၊ အထူးသဖြင့် လူ့အခွင့်အရေး ကိစ္စတွေပေါ့။ ကျနော်တို့က တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ ပါဝင်နေတာကို မပေးချင်တဲ့ သဘောလားလို့ သံသယရှိတယ်။ ဒီလောက်အထိ စောင့်ပြီး မထူးမှတော့ မျှော်လင့်ချက် မထားတော့ဘူး။ နောင်အစိုးရ လက်ထက်တော့ ကောင်းလာမလားလို့ စောင့်ကြည့်ဦးမယ်” ဟု ပြောသည်။
အစိုးရသည် နိုင်ငံသား ပြန်လည် လျှောက်ထားသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အပါအဝင် ဌာန ၃ ခုက ပူးပေါင်း၍ စစ်ဆေးပြီးနောက် နိုင်ငံတော် သမ္မတထံသို့ တင်ပြရကြောင်း၊ သမ္မတထံမှ မှတ်ချက်ပြန်ပေးပြီး နောက်ပိုင်းတွင် နိုင်ငံသားအဖြစ် လက်ခံရန် ဆက်လက်၍ အဆင့်ဆင့် ဆောင်ရွက်ရကြောင်း သိရသည်။
အစိုးရက နိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားမှုကို ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီသာ လက်ခံဆောင်ရွက်ကြောင်း၊ နှစ်နိုင်ငံသား ခံယူခွင့် မပြုသည့်အတွက် တဖက်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားအဖြစ် ပြန်လည် လက်ခံရာတွင် လျှောက်ထားသူအနေဖြင့် မြန်မာနိုင်ငံမှထွက်ခွာစဉ် မည်သူ့ကိုမှ ထိခိုက်နစ်နာစေခဲ့ခြင်း၊ မူခင်းတစုံတရာ ကျန်ရှိစေခဲ့ခြင်းများ ရှိ၊ မရှိ စစ်ဆေးမှုပြုကြောင်း သိရသည်။