Ethnic Issues

RCSS/SSA တပ်များ ပြန်ဆုတ်ရန် တပ်မတော် သတိပေး

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့များကို မူလနေရာသို့ ပြန်လည်ဆုတ်ခွာရန် တပ်မတော်က သတိပေး အကြောင်းကြားလိုက်သည်။

အဆိုပါ သတိပေးချက်ကို ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က RCSS/SSA အဖွဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ယခုလ ၂၃ ရက် နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သီးသန့်တွေ့ဆုံ၍ အကြောင်းကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က “JMC (ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) မှာ တပ်နေရာချထားရေး ဘာညာလုပ်တော့ သူတို့ RCSS က တောင်ပိုင်းတပ်လေ။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေမှာ သူတို့ အဲဒီနေရာထဲမှာ လက်ရှိ ပဋိပက္ခ ဖြစ်တဲ့နေရာမပါဘူး။ မပါတော့ အဲဒီကနေ ထွက်ပေးပြီးတော့မှ သူတို့ သတ်မှတ်ထားတဲ့ နေရာကို ပြန်ဆုတ်ပေးပါ”ဟု ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

RCSS/SSA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၆၀၀ ကျော် အိုးအိမ်စွန့်ခွာ၍ စစ်ဘေး ခိုလှူံနေကြရသည်။

တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေမှုတွင် တပ်မတော်အနေဖြင့် ချက်ချင်း ဝင်ရောက်ခြင်း မရှိသည်မှာ ပဋိပက္ခကို ပိုမိုကြီးထွားသွားမည်ကို စိုးရိမ်သည့်အတွက် ဖြစ်ကြောင်း၊ တိုင်းရင်းသား နှစ်ဖွဲ့အကြား ညှိနှိုင်းမှု အဆင်ပြေမည်ဟု တွက်ဆ ထားသည့် အတွက် ကနဦးပိုင်းက ဝင်ရောက်ခဲ့ခြင်း မရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တပ်မတော်အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် ထိုးထားပြီး ဖြစ် သည့် RCSS/SSA နှင့် အချင်းချင်း တိုက်ပွဲမဖြစ်ပွားစေလိုသည့် အကြောင်းအရင်းလည်း ပါဝင်သည်ဟု ပြောဆိုသည်။

“TNLA ကတော့ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့မဟုတ်တဲ့ အတွက်ကြောင့် ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာ တရားဝင်တယ် ပေါ့နော်။ မမှားဘူးပေါ့။ RCSS နဲ့ကြတော့ ထိတွေ့မှု မဖြစ်ချင်ဘူးပေါ့။ အဲဒီလို ဦးယွက်စစ်ကို လာပြီးတော့ ညှိတာပေါ့။ သူတို့ TNLA နဲ့ ညှိပါမယ်တဲ့ ညှိပြီးတော့မှ စိတ်မပူပါနဲ့တဲ့ သူတို့ ထွက်ပေးပါ့မယ်တဲ့။ ကျနော်တို့ကတော့ ချက်ချင်းထွက်ပေးဖို့၊ တရက် နှစ်ရက် အတွင်း ထွက်ပေးဖို့ ပြောတာပေါ့”ဟု ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဧရာဝတီကို ပြောသည်။

RCSS/SSA အဖွဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ ၎င်းတို့အနေဖြင့် PSLF/TNLA နှင့် အရင်ညှိနှိုင်းဦးမည်ဖြစ်ကြောင်း ပြန်ပြောသည်ဟု ဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ RCSS/SSA တာဝန်ရှိသူများထံ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိကြပေ။

အဆိုပါဒေသတွင် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားနေသည့် PSLF/TNLA အနေဖြင့်လည်း ယင်းဒေသရှိ ရှမ်းရွာများ အတွင်းမှ ထွက် ပေး ရမည်ဖြစ်ကြောင်း အကယ်၍ မထွက်လျှင် စစ်ရေးအရ ဖိအားပေးရလိမ့်မည်ဟု ဆိုသည်။

ယနေ့ထုတ် အစိုးသတင်းစာတွင် “ဒို့တာဝန် အရေး သုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရန် အတွက် တပ်မတော်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်၊ ကျောက်မဲမြို့နယ်များတွင် ရှင်းလင်းလျက်ရှိ”ဟု သတင်းတွင် ဖော်ပြထား သည်။

ယခုလ ၁၂ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး က RCSS/SSA အဖွဲ့မှ JMC-S ဒု ဥက္ကဋ္ဌ (၁) ဦးစိုင်းအောင်မြ ထံသို့ RCSS/SSA အား မူလ သဘောတူ သတ်မှတ်ထားသောနေရာကို ပြန်လည်ထွက်ခွာရန်နှင့် နယ်မြေ ကျော်လွန်ဝင်ရောက်ခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း RCSS/SSA အဖွဲ့မှ ပြန်လည်ထွက်ခွာမည် မဟုတ်ကြောင်း အကြောင်းပြန်ခဲ့ပြီး လက်နက်ကိုင် အင်အားများ ပိုမိုဖြည့်တင်းလာခဲ့သည်ဟု ဆိုသည်။

တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ နယ်မြေခံတပ်များဖြင့် အဆိုပါ ဒေသအတွင်း ရောက်ရှိ လှုပ်ရှားလျက်ရှိသော လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ရှင်းလင်းလျက်ရှိသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန က သတင်း ထုတ်ပြန်ထားကြောင်း အစိုးရသတင်းစာက ရေးသားသည်။

Loading