ထိုင်းနိုင်ငံရှိ ၆ နှစ် ဗီဇာ သက်တမ်း ကုန်ဆုံးနေသည့် ရွှေ့ပြောင်း အလုပ်သမားများအား ၂ နှစ် သက်တမ်းရှိ ပန်းရောင်ကတ် ကို သာ ထုတ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။
အကယ်၍ ၆ နှစ်သက်တမ်း ကုန်သူများအနေဖြင့် ပန်းရောင်ကတ် မလုပ်ဆောင်လိုပါက သက်ဆိုင်ရာ မိခင် နိုင်ငံသို့ ပြန်လည်သွားရောက်ပြီး MOU စနစ်ဖြင့်သာ ထိုင်းနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်ခွင့် ပြုမည်ဟု ထိုင်းအစိုးရက ပြောဆိုထားကြောင်း ဘန်ကောက် မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးစိုးနိုင် က ဧရာဝတီ ကို ပြောသည်။
ဦးစိုးနိုင်က“တကယ်လို့ ပန်းရောင်ကတ် မလိုချင်ဘူးဆိုရင်တော့ ကိုယ့်နိုင်ငံကို ပြန်ပြီးတော့ MOU စနစ်နဲ့ပဲ ပြန်လာရမှာပေါ့၊ မပြန်ချင် သူတွေကတော့ ပန်းရောင်ကတ် လုပ်ကြရမှာပါ၊ ဒါက သူတို့နိုင်ငံရဲ့ ဥပဒေအတိုင်း ဆောင်ရွက်တာ ဆိုတော့ ကျနော်တို့က လိုက်နာရမှာပါ”ဟု ဆက်လက် ပြောဆိုသည်။
၆ နှစ်ဗီဇာ သက်တမ်း ကုန်ဆုံးသည့် မြန်မာနိုင်ငံသား သိန်းဂဏန်း ရှိကြောင်းလည်း ဦးစိုးနိုင်က ပြောပြသည်။
ထိုသို့ ပန်းရောင်ကတ် ထုတ်ပေးသည့် အစီအစဉ်၌ မြန်မာ နိုင်ငံသားများအပြင် လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်ကြောင်း သိရသည်။
ပန်းရောင် ကတ်သည် တနေရာမှ တနေရာသို့ သွားလာခွင့် မရခြင်း၊ မိမိလုပ်ကိုင်နေသည့် အလုပ်အား နှစ်သက်မှုမရှိပါက အလုပ်ပြောင်းခွင့် မရှိခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိပါကလည်း ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်မှု အားနည်းခြင်း စသည်တို့ကြောင့် အလုပ်သမားအများစုက ထိုကတ်ကို အလိုမရှိကြပေ။
၆ နှစ်ဗီဇာ သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများကို ပန်းရောင်ကတ် အဆင့်သို့ ပြောင်းလဲပေးခြင်းသည် အလုပ်သမားများအား တရားမဝင် ရောက်ရှိလာသူများအဖြစ်သို့ သတ်မှတ်ပေးခြင်းနှင့်တူညီသည်ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့် အရေး ကွန်ရက် (MWRN) အဖွဲ့ ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က ဧရာဝတီ ကို ပြောသည်။
၎င်းက“ယာယီနိုင်ငံကူး လက်မှတ် အဆင့်ကနေ ပန်းရောင်ကတ်ကို ပြောင်းပေးတာဟာ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်သလိုခံစားရတယ်လို့ ပြောချင်ပါတယ်၊ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင် လာသူတဦးဖြစ်လို့ အချိန်မရွေး ဖမ်းဆီးနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်လည်း ရောက်သွားတယ်”ဟု ပြောဆိုသည်။
ထိုင်းနိုင်ငံ၌ တရားမဝင် အလုပ်သမားများအား ၄ နှစ် ဗီဇာသက်တမ်း ဆောင်ရွက်ပေးမှုကို ၂၀၀၉ ခုနှစ်မှ စတင်လုပ်ဆောင်ပေးခဲ့ပြီး ၄ နှစ် သက်တမ်း ကုန်သူများအား နောက်ထပ် ၂ နှစ်တိုး၍ ၆ နှစ် နေထိုင်ခွင့် ပေးခဲ့သည်။
ထိုသူများသည် ထိုင်းနိုင်ငံအတွင်း၌ လွတ်လပ်စွာ သွားလာခွင့်ရရှိပြီး မြန်မာနိုင်ငံသို့လည်း အလွယ်တကူ ဝင်ထွက် သွားလာခွင့် ရရှိခဲ့ကြသည်။
ထို့အတူ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရပါကလည်း ဥပဒေအတိုင်း တိုင်ကြားခွင့်၊ အလုပ်ပြောင်းရွှေ့ခွင့် ဆေးဝါး ကုသခွင့် စသည့် အလုပ်သမား အခွင့်အရေးများကိုလည်း ရရှိထားကြသည်။
ယခုအခါ ၆ နှစ်ဗီဇာ သက်တမ်းကုန်ဆုံးနေသူ သိန်းချီ၍ ရှိနေခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ အချိန်ကုန်ခြင်း စသည့်အခက်အခဲများ ကြောင့်၊ အလုပ်သမား အများစုသည် မြန်မာနိုင်ငံသို့ ပြန်ရန် ခက်ခဲနေကြကြောင်း၊ စက်ရုံအလုပ်ရုံ တချို့ကမူ ပိုင်ရှင်များ ကိုယ်တိုင် စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ကြပြီး MOU ဖြင့် ပြန်လာကြကြောင်း၊ သို့သော် အရေအတွက် အလွန်နည်းပါးကြောင်း သိရ သည်။
ဗီဇာကုန်နေသူများသည် မိခင်နိုင်ငံသို့ ပြန်ရန် အခက်အခဲများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံ၌ ဆက် လက် နေထိုင်ခွင့် ရရေးအတွက် ထိုင်းနိုင်ငံတွင်း၌ ဖြစ်စေ၊ နယ်စပ်ဂိတ်များ၌ ဖြစ်စေ သက်တမ်း တိုးပေးရန် အလုပ်သမား အရေး ဆောင်ရွက်သူများက တောင်းဆိုခဲ့ကြသည်။
သို့သော် ထိုင်းအစိုးရကမူ ၎င်းတို့နိုင်ငံ၏ ဥပဒေအရ ဆောင်ရွက်ခွင့် မရှိကြောင်း ပြောဆိုထားသည်။
ထိုင်းအစိုးရ၏ ထိုသို့ ပြောဆိုမှုသည် ၎င်းတို့နိုင်ငံ အတွင်း၌ အနေကြာသူများအနေဖြင့် ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားလာကြ မည်ကို စိုးရိမ်မှုများရှိနေသည့် အတွက်ဟု ယူဆကြောင်း ဦးအောင်ကျော် က ပြောသည်။
၎င်းက“ထိုင်းနိုင်ငံမှာရှိတဲ့ ဥပဒေတခုအရ သူတို့နိုင်ငံတွင်းမှာ ၅ နှစ် ဆက်တိုက်နေပြီးသူတွေဟာ နိုင်ငံသား လျှောက်ထားလို့ ရတယ် ဆိုတာရှိတယ်၊ အဲဒါကြောင့် နိုင်ငံသား လျှောက်ထားသူတွေ များလာမှာကို စိုးရိမ်တယ်လို့ ထင်တယ်၊ ဒါပေမယ့် ကျနော်တို့ နိုင်ငံသားတွေဟာ မတတ်သာလို့သာ သူများတိုင်းပြည်မှာ နေကြရတာပါ၊ ဘယ်သူမှလည်း ခံယူမှာ မဟုတ်ပါဘူးလို့ ယုံကြည်ပါတယ်”ဟုလည်း ပြောဆိုသည်။
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၌ ၆ နှစ်ဗီဇာ သက်တမ်း ကုန်ဆုံးသူများ အပြင် ၄ နှစ် ဗီဇာ၊ ပန်းရောင် ကတ် ကိုင်ဆောင် ထားသူများသည်လည်း မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံး ကြတော့မည် ဖြစ်သည်။
မတ်လ ၃၁ ရက်နေ့တွင် ဗီဇာ သက်တမ်းကုန်ဆုံးမည့်သူ ၄ သိန်း ဝန်ကျင်ရှိကြောင်း သိရသည်။
ပန်းရောင်ကတ်သည် ယခင်က တနှစ်သက်တမ်းသာ ပေးခဲ့သော်လည်း ယခုနှစ် ဧပြီလတရက်နေ့မှ စတင်၍ ၂ နှစ်ခံ သက်တမ်း အဖြစ်ပေးမည်ဖြစ်သည်။
ထိုကတ်သည် ၂ နှစ်ပြည့်ပါက သက်တမ်း တိုးရမည် ဖြစ်ပြီး ၄ ကြိမ်အထိ သက်တမ်း တိုးပိုင်ခွင့်ရမည် ဖြစ် သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ အတွင်း၌ မြန်မာနိုင်ငံသား တရားဝင်နေထိုင်ခွင့် လက်မှတ်ရှိသူ ၁ ဒသမ ၇ သန်းရှိကြောင်း မြန်မာ သံရုံးက ထုတ်ပြန် ပြောဆိုထား သည်။
ထို့အတူ တရားမဝင် မြန်မာ အလုပ်သမား ဦးရေသည်လည်း သန်းချီရှိကြောင်း သိရသည်။