“အရင်ကထက် ကောင်းအောင် အများကြီး လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အစိုးရတရပ်ကို အပြန်အလှန် ထိန်းကျောင်းရာတွင် ဒီမိုကရေစီစနစ်၏ လိုအပ်ချက်တခုဖြစ်သည့် လွှတ်တော်ရေးရာ ကော်မတီများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီက အများစုဖြင့် ဦးဆောင်လျက်ရှိသည့် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းလျက်ရှိရာ တိုင်းပြည်အတွက် အရေးကြီးသည့် ကော်မတီ တခု ဖြစ်လာမည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။

ယင်းကော်မတီတွင် ဥက္ကဌ ဖြစ်လာသူမှာ NLD ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်း ဆိုသူပင် ဖြစ်သည်။ သူသည် ဘူမိဗေဒ ပညာ ရပ်ဖြင့် အသက်မွေး ဝမ်းကျောင်းသူတဦး ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ မြေငလျင်ကော်မတီတွင် ဦးဆောင်ခဲ့သူ တဦးလည်း ဖြစ်သည်။

ထို့ကြောင့် ကော်မတီ ဥက္ကဌ ဦးစိုးသူရထွန်း၏ ဆောင်ရွက်မည့် ကိစ္စများ၊ ကော်မတီနှင့် သက်ဆိုင်သည့် ဥပဒေရေးရာ ပြင်ဆင်နိုင်မှု အခြေအနေများ၊ လွှတ်တော်တွင် တပ်မတော်၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအပေါ် အမြင်နှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအပေါ် အမြင်တို့ကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး ။    ။ ဦးစိုးသူရထွန်းကို မြေငလျင်၊ ဘူမိဗေဒ ပညာရှင်တယောက် အနေနဲ့ပဲ သိထားပါတယ်။ နိုင်ငံရေးလောကထဲကို ဘယ်လိုရောက်နေတာလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။    ။ ကျနော်က ၈၈ ခုနှစ် မတိုင်ခင်မှာ မကသ(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ)မှာ ပါခဲ့တယ်။ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာတို့နဲ့ အတူ တူပဲ လှုပ်ရှားခဲ့တာ။ ၈၈ ပြီးတော့ အပြောင်းအလဲ မဖြစ်တဲ့အခါ ပညာရှင်အနေနဲ့ပဲ ရပ်တော့ဖို့ စဉ်းစားတယ်။ တိုင်းပြည် ပြောင်းလဲသွားရင်လည်း ပညာရှင် တွေ လိုတယ်ပေါ့။ အဲတာကြောင့် ၉၃ ခုနှစ် လောက် က စပြီးတော့ ပညာရေး ကျောင်းဘက်ကို လိုက်တာပေါ့။ နောက်ပိုင်းမှ သိတဲ့သူတွေကတော့ ကျနော့်ရဲ့ နိုင်ငံရေး Background ကို မသိဘူး။ ရိုးရိုးတန်းတန်း ပညာရှင် တယောက် အနေနဲ့ပဲ တော်တော်များများက သိထားကြတာ။ ၂၀၁၂ ခုနှစ်ကျတော့ ကျောင်းက ထွက်ပြီးတော့ အရင်က သဘာ၀ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ သံလွင်မြစ်မှာ တာဆန်းရေအားလျှပ်စစ် ဆောက်ဖို့ လုပ်ခဲ့တယ်။ အဲဒီခေတ်တုန်းက ADB (အာရှ ဖွံ့ဖြိုးရေးဘဏ်)က ပိုက်ဆံ ချေးမယ်ပေါ့။ အဲဒီမှာ Environmental Impact Assessment တွေ လုပ်ရမယ်ဆိုပြီး ဖြစ်လာတယ်။ အဲဒီတုန်းက ဗမာ ပြည်မှာ အဲလို လုပ်တတ်တဲ့ အဖွဲ့အစည်းက မရှိဘူး။ တို့တွေလည်း ကြားတောင်မကြားဖူးဘူး။ Environment Science ပဲ သိတယ်။
Geology ကလည်း Environmental Geology ပေါ့။ Botany ကည်း Environmental Botany လို့ပဲ သိခဲ့ကြတာ။ ဒါတွေကိုမှ Management System ဘက်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့ အဲဒီတုန်းက ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ ထိုင်းကုမ္ပဏီတခုနဲ့ တိုင်ပင်တော့ အကြံပေးတယ်။ ရန်ကုန် တက္ကသိုလ်ကို တာဝန်ပေးသင့်တယ်ပေါ့။ ရန်ကုန်တက္ကသိုလ်က အဲဒါနဲ့ EIA Study Group ဆိုပြီး ဖွဲ့လိုက်တယ်။ Zoo၊ Botany၊ Geology က ပါမောက္ခတွေ ပါတယ်။ Geography၊ သမိုင်းသုတေသနလည်း ပါတယ်။ အဖွဲ့မှာ Geology ကတော့ ခေါင်းဆောင်ပေါ့။ ကျနော်က အဲဒီမှာ တွဲဖက်အတွင်းရေးမှူး လုပ်ခဲ့တယ်။
နောက်ပိုင်းမှာ အဲဒီဆည် စီမံကိန်းလည်း ပျက်သွားတယ်။ တိုက်ပွဲတွေကလည်း ဖြစ်နေတော့ ရွာတွေ ရွေ့တာတွေနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ကလည်း တို့အဖွဲ့ကို ကွင်းဆင်းမခံဘူး။ ကွင်းဆင်းမခံတဲ့အခါ ကုမ္ပဏီရဲ့ Environmental Impact Assessment မပြနိုင်တဲ့အခါ ADB က ငွေမချေးတော့ စီမံကိန်း ပျက်သွားတယ်။ အခုထိလည်း မလုပ်ဖြစ်တော့ဘူး။ အခု တရုတ်နဲ့ လုပ်မယ်ဆိုတဲ့ သတင်းကြားနေတယ်။
အဲဒီနောက်ပိုင်း ၂၀၀၄ လောက်မှာ ကျောင်းကနေထွက်ပြီး နည်းနည်းကြာတော့ ငလျင်သုတေသန လုပ်တယ်။ အင်ဂျင်နီယာအသင်းနဲ့ ဘူမိဗေဒအသင်းနဲ့ ပေါင်းပြီးတော့ စေတနာ့ဝန်ထမ်း လုပ်ပေးတာ။ ဒါကတော့ ဒီနေ့အထိပါပဲ။ နောက်တခုက ၂၀၀၆၊ ၂၀၀၇ လောက်ကျတော့ ရေနံရှာတဲ့ ဒေဝူးပေါ့။ ဒေဝူးရဲ့ ရေနံတူးဖော်ရေးမှာ Environmental Assessment လိုတယ်ဆိုပြီး သူတို့က ကမ်းလှမ်းလာတယ်။ အဲဒီမှာ တက္ကသိုလ်က ဆရာတွေ ပေါင်းပြီးတော့ ကျနော်ကတော့ အပြင်မှာဆိုတော့ သူတို့ကို Organize လုပ်ပြီးတော့ စလုပ်ဖြစ်တာပေါ့။ နောက်ပိုင်းမှာတော့ အကြံပေး ကုမ္ပဏီဖြစ်သွားတာပေါ့။
၂၀၁၀၊ ၁၁ လောက်ကျတော့ တို့တွေက ဆရာတွေချည်းပဲ ဆိုပြီးတော့ သုတေသနတို့ စာသင်တာတို့ လုပ်ချင်တယ်။ အဲဒီမှာ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံလို့ ခေါ်တဲ့ MEI ကို ထောင်တာပေါ့။ ထောင်ပြီးတော့ စာသင်ပေးတယ်။ ပိုက်ဆံတော့ မရပါဘူး။ ကုမ္ပဏီကရတဲ့ ပိုက်ဆံနဲ့ ပြန်လုပ်ပေးတာပါ။ နောက်ပိုင်း လက်ပံတောင်းတောင် ကိစ္စပေါ်လာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပေးရတဲ့အဖွဲ့ ဖြစ်သွားတယ်။ သုတေသနတွေ၊ Accessment တွေ လုပ်ပေး ရတယ်။ အဲဒီမှာ ပညာရှင်အုပ်စုက စုမိသွားတယ်။ အားလုံးကလည်း ဝါသနာလည်းပါတယ်။ တိုင်းပြည်အတွက် စေတနာ့ဝန်ထမ်း ဝိုင်းလုပ်ကြတာ။ အဲဒီမှာ စပေါင်းမိသွားတယ်။ ပေါင်းမိသွားပြီး သူတို့(NLD)က ဒီမှာ ဝင်လုပ်ပါဆိုတော့ ဝင်လုပ်ဖြစ်သွားတယ်။

မေး ။    ။ အခုလို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဌ တယောက်အဖြစ် ဘာကြောင့် တာဝန်ပေးတယ်လို့ ထင်လဲ။
ဖြေ ။    ။ ပြောရရင်တော့ ဒီဘာသာရပ်နဲ့ အသက်ဆိုင်ဆုံး ဖြစ်တာ တခုပေါ့။ နောက်တခုက တာဝန်လည်း ယူနိုင်မယ်ထင်လို့ပေါ့။ သယံဇာတနဲ့လည်း ပတ်သက်တယ်။ ပတ်ဝန်းကျင်နဲ့လည်း ပတ်သက်တယ်။ ၂ ခုစလုံးနဲ့ ဆိုင်တဲ့သူက ရှားတာကိုး။ ဒီမှာ Geologist တွေ၊ Mining အင်ဂျင်နီယာတွေ ပါကောင်း ပါမယ်။ ပတ်ဝန်းကျင် ပညာရှင်တွေလည်း ပါတယ်။ ပြီးတော့ တကယ့်လက်တွေ့ NLD နဲ့ရော၊ နိုင်ငံနဲ့လည်းဆိုင်တဲ့ လက်ပံတောင်းလို ကိစ္စမျိုးမှာ ဒီလို ပြဿနာမျိုးကို ပါဝင်ဖြေရှင်းဖူးထားတဲ့အတွက် အတွေ့အကြုံအရလည်း လက်ခံလို့ ဖြစ်မှာပါ။

မေး ။    ။ အတွေ့အကြုံတချို့လည်း ရှိထားတော့ လွှတ်တော် ကော်မတီတခုရဲ့ ဥက္ကဌတယောက် ဖြစ်လာတဲ့အခါမှာ တိုင်းပြည်အတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ ပြင်ထားလဲ။
ဖြေ ။    ။ လွှတ်တော်ရဲ့ သဘောက အခြေခံကျအောင် ပြောရရင်တော့ ကော်မတီ၊ ကော်မရှင်တွေရဲ့ အလုပ်က ဥပဒေပြုရေးတာဝန်ရယ် စောင့်ကြည့် စစ်ဆေးတဲ့တာဝန်ရယ် ဒါကို အဓိက လုပ်ရမှာပေါ့။ တို့ကတော့ စီမံအုပ်ချုပ်တဲ့သူ မဟုတ်ဘူး။ အခု အစိုးရက ကြံ့ခိုင်ရေး။ နောက်ပိုင်း NLD ဖြစ်လာရင်လည်း အဲဒီလူတွေက စီမံအုပ်ချုပ်ပြီးတော့ တို့တွေကတော့ လက်တွေ့အကျဆံုံးဖြစ်တဲ့ ဥပဒေပိုင်းဆိုင်ရာ ရှု့ထောင့်ကနေပဲ ဘယ်လိုဥပဒေတွေ လုပ်ထုံး လုပ်နည်း တွေ ဆိုတာကို အကောင်အထည် ဖော်မယ့်သူတွေနဲ့ ညှိနှိုင်းပြီးတော့ ပြဌာန်းရမယ်။
ဥပဒေတွေ ပြဌာန်းတဲ့အခါမှာလည်း ပြည်သူလူထုရော၊ ပညာရှင်တွေရဲ့ သဘောထားကိုပါ ယူမှာပါ။ နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း ကိုက်ညီအောင် လုပ်ရမှာပါ။ ပြီးခဲ့တဲ့ တခေတ်လုံးက တရားဥပဒေစိုးမိုးမှု မရှိခဲ့တော့ ရှိပြီးသား ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေက အသက် မဝင်ဘူး။ တချို့ ဥပဒေတွေဟာ လက်တွေ့ ကျင့်သုံးနိုင်ခြင်း ရှိမရှိ စစ်ဆေးမယ်။ လုပ်မယ်ဆိုရင် Issues တွေက အများကြီးပဲ။ တို့နိုင်ငံမှာ အဖက်ဖက်က ဗဟုသုတ နည်းနေတာလည်း ပါတယ်။ ငွေရေးကြေးရေးအရ သက်သာအောင် မလုပ်တာလို့ ပြောနေတာထက်စာရင် ကျနော်အမြင်ကတော့ မှန်ကန်တဲ့ ဗဟုသုတမရှိလို့ မလုပ်ကြတာလို့ မြင်တယ်။
ဥပမာ ရွေတူးတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းရှင်တဦးကို EIA လုပ်ပါ။ CSR လုပ်ပါ။ ဒေသဖွံ့ဖြိုးရေး လုပ်ပေးပါဆိုရင် သူက သူ့ပိုက်ဆံ ကုန်တော့မှာပဲလို့ တွေးတယ်။ တကယ်တမ်းလုပ်ပါလို့ ပြောတာ အားလုံးရဲ့ အကျိုးအတွက်ပြောတာ။ သူ့အကျိုးအတွက်လည်း ပါတယ်။ သူ့လုပ်ငန်းလည်း ရေရှည် တည်တံ့ ခိုင်မြဲမယ်။ ဘေးပတ်ဝန်းကျင်က လူတွေလည်း ကျေနပ်မယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့အတွက် သား၊ သမီး၊ မြေး၊ မြစ်တွေအတွက်လည်း ဒုက္ခ မပေးတော့ဘူးပေါ့။ အားလုံး အကျိုးရှိအောင် ဗဟုသုတတွေ ရှိလာအောင် လုပ်ပေးရမယ်။ အဲဒါတွေကို အခုကစပြီး လုပ်ရမယ့်သဘောပေါ့။
တခုကံကောင်းတာက လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်က စပြီး တိုင်းပြည်ပွင့်လင်းလာတဲ့အတွက် Environmental Law တွေ၊ Rule တွေ တခုပြီးတခု ပေါ်လာတဲ့ အခါကျတော့ အစိုးရကိုယ်တိုင် နားလည်သင့်သလောက် နားလည်လာတယ်။ အရင်က Environmental လုပ်တယ်ဆိုရင် ပင်လယ်ထဲသွားတယ်ဆိုရင် ရေနံ ကုမ္ပဏီကသွားရင် ရေတပ်က လှမ်းမေးတယ်။ ဘာလုပ်တာလဲတဲ့။ ပတ်ဝန်းကျင်အဖွဲ့ဆိုတော့ ဒါဆို Green Peace လားတဲ့။ သူတို့ အမြင်အရ သူတို့ကို အနှောင့်အယှက်ပေးတာလို့ မြင်တာ။ အမှန်အတိုင်း နားမလည်လို့ ဖြစ်တာပေါ့။ အမှန်တကယ်က ကမ္ဘာမှာ လုပ်ကိုလုပ်ရတယ်။ ပြီးခဲ့တဲ့ တခေတ်လုံး တို့လုပ်ခဲ့တာ ဗမာအစိုးရက သိတောင် မသိဘူး။
ကမ္ဘာမှာ ကုမ္ပဏီကြီးတွေက လုပ်ပြီဆိုရင် ဘဏ်ကြီးတွေဆီက ငွေချေးပြီး လုပ်ရတာ။ ဘဏ်တွေက နှစ် ၃၀၊ နှစ် ၅၀ အထိ ချေးတယ်။ ဘယ်လောက်ပဲ အစိုး ရနဲ့ တည့်တည့် မတည့်တည့် ဒီနိုင်ငံရဲ့ ဥပဒေအရ ရှိရှိ၊ မရှိရှိ နောင်တချိန်မှာ ပြောင်းသွားခဲ့ရင် နောင်အစိုးရသော်လည်းကောင်း၊ နောက်ဥပဒေအသစ်တွေ ဖြစ်လာခဲ့ရင် ပိုက်ဆံတွေ အဆုံးမခံနိုင်ဘူး။ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး၊ လူထုထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ကြည့်ပြီးတော့ EIA၊ SIA မလုပ်ရင် ဘဏ်တွေက ပိုက်ဆံလုံး၀ မချေးဘူး။ အခုနောက်ပိုင်း တရုတ်ပြည်တောင် တရုတ်ဘဏ်တွေဆို ဒါတွေကို လိုက်နာလာတယ်။ ဗမာအစိုးရကိုတောင် မချေးပေးဘူး။
တို့က ဗဟုသုတလည်း ရှိရမယ်။ အသိညဏ်လည်း ရှိအောင် လုပ်ရမယ်။ လူတွေကို လိုက်နာနိုင်အောင်လည်း လုပ်ရမယ်။ လိုက်နာသင့်တဲ့ လိုက်နာနိုင်တဲ့ စည်းမျဉ်းစည်းကမ်းမျိုးတွေကို ချမှတ်ရမယ်။ ဒါတွေကို တကယ်လည်း လိုက်နာ ကျင့်သုံးမှု ရှိမရှိကိုလည်း စစ်ဆေးကြပ်မတ်နိုင်ရမယ်။
မေး ။     ။  မြန်မာနိုင်ငံမှာ တွင်းထွက်သယံဇာတတွေ ပေါများတယ်လို့ ပြောကြတယ်။ ကျောက်စိမ်း၊ ပတ္တမြား၊ ကျွန်းသစ်၊ ရေနံ၊ ရွေ အများကြီးပေါ့လေ။ အဲဒီတော့ . . . ။
ဖြေ ။    ။ တို့ ဘူမိဗေဒ ရှု့ထောင့်က ကြည့်ရင်တော့ မပေါဘူးကွ။ ရွေဆိုရင်လည်း အဲဒီလောက် မထွက်ဘူး။ သယံဇာတမျိုးစုံတော့ ရှိတယ်။ အဲဒီထဲမှာမှ တော်တော်များများ ပေါတယ်လို့ ပြောနိုင်တာက ကျောက်စိမ်းပေါ့။ တကယ့် Real Jade ကိုရတဲ့ နိုင်ငံက နည်းနည်းလေးပဲ ရှိတယ်။ ဗမာပြည်ပြီးရင် နောက် ထပ် ၂ နိုင်ငံလောက်ပဲ ရှိတယ်။ နောက်တခါ ရွေဆိုလည်း ဖြစ်ဖြစ် မြောက်မြောက် မထွက်ပါဘူး။ ရေနံလည်း ဖြစ်ဖြစ်မြောက်မြောက် မထွက်ဘူး။ ဂတ်စ်လည်း ရှိသင့်သလောက် ရှိတယ်လို့ ဆိုပေမယ့် ဒီထက်ချမ်းသာတဲ့ အမေရိကန်လို နိုင်ငံမျိုး၊ အာဖရိကလို နိုင်ငံမျိုးတွေကတော့ အများကြီး ရှိတာပေါ့။ သူတို့နဲ့ယှဉ်ရင် အများကြီးရှိတယ်လို့ မပြောနိုင်ဘူး။ တကယ်တမ်းရှိတာက ကျောက်စိမ်းနဲ့ ပတ္တမြား၊ နီလာပဲ။ ဒါတွေကတော့ ကမ္ဘာမှာ တို့က စံချိန်တင်နိုင်တယ်။

မေး ။    ။ အဲဒီတွင်းထွက် ပစ္စည်းတွေကို အခွန် စနစ်တကျရအောင် ကောက်ခံရဖို့ လိုပါတယ်။ တွင်းထွက်တွေကို အမီပြုပြီး လူတစု ချမ်းသာနေတာတွေကို စိစစ်ကြပ်မတ်ဖို့တွေ လုပ်မှာလား။ ပြည်သူတွေမှာ သယံဇာတ ကျိန်စာသင့်တယ်လို့တောင် သုံးနှုန်းတာမျိုးတွေ ရှိပါတယ်။
ဖြေ ။    ။ ဥပမာပြောရရင် ကျောက်မျက်ရတနာ ဥပဒေ ရှိတယ်။ သတ္တုတွင်း ဥပဒေတွေ ရှိတယ်။ ဒီဥပဒေမှာက အားနည်းချက်တွေက ရှိနေတယ်။ တချို့ ဟာတွေက နိမ့်ပြီး တချို့ဟာတွေက မြင့်နေတယ်။ တချို့ဟာတွေက လူတွေ လိုက်နာဖို့ ခက်ခဲတာတွေ ရှိတယ်။ တချို့ဟာတွေကလည်း လူတွေက လိုက် နာလို့ ရရဲ့သားနဲ့ ရှောင်နေတာမျိုးတွေ ရှိတယ်။ ဥပဒေတွေက လုပ်ငန်းရှင်တွေ လိုက်နာချင်တဲ့ ဟာမျိုးလည်း ဖြစ်ရမယ်။ တိုင်းပြည်အတွက် အခွန်အခ ကိုလည်း တကယ်ပေးချင်လာအောင် တဖက်က လုပ်ရမယ်။ ဥပဒေတွေ ကိုယ်တိုင်ကလည်း အဲလို ပြဌာန်းထားရမယ်။ ဒါပေမယ့် ရှိထားတဲ့ ဥပဒေတွေကို ဘယ်သူပဲ ဖြစ်ဖြစ် လိုက်နာရမယ်။ မလိုက်နာလို့တော့ မရဘူး။ ခုနက ပြောသလို သယံဇာတ ကျိန်စာသင့်တယ်ဆိုတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။

မေး ။    ။ အဲဒီလို ဖြစ်လာဖို့ကတော့ တရားဥပဒေစိုးမိုးရေး ရှိဖို့ လိုတယ်လို့ ထင်တယ်။
ဖြေ ။    ။ ဟုတ်တာပေါ့။ အခုက ရှိထားတဲ့ ဥပဒေအတိုင်း မလိုက်နာကြတာများတော့ လိုက်နာလာအောင်တော့ လုပ်ရမယ်။ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုပါတယ်။

မေး ။    ။ အခုရက်ပိုင်းအတွင် အယ်နီညိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးမှုတွေ ရှိပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကော်မတီ ဥက္ကဌတယောက်အနေနဲ့ ဘာများ ပြောစရာ ရှိလဲ။
ဖြေ ။    ။ အယ်နီညိုက သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ဆိုင်တော့ ဆိုင်ပါတယ်။ ဒါပေမယ့် အဓိကကတော့ သဘာ၀ ဘေးအန္တရာယ်ပေါ့။ ဒါကလည်း ဘာသာရပ်တခုပေါ့။ အခု ကျနော်တို့ ဖွဲ့ထားတဲ့ ကော်မတီနဲ့တော့ တိုက်ရိုက်ကြီးတော့ Assignment လုပ်မထားဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ လုပ်မှာပါ။ ဖြစ်လာရင်လည်း တာဝန်ယူမှာပဲ။ သဘာ၀ ဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ပြင်ဆင် ကာကွယ်ဖို့က ပိုအရေးကြီးတယ်။ ပြီးခဲ့တဲ့ တခေတ် လုံးမှာက ကြိုတင်ပြင်ဆင် ကာကွယ်မှုထက် ပြီးမှ ကယ်ဆယ်တဲ့ အလုပ်ကိုပဲ လုပ်ခဲ့ကြတာများတယ်။
အဲဒါကြောင့် အစိုးရရဲ့ သဘာဝဘေးအန္တရာယ်နဲ့ ဆိုင်တဲ့ ဥပဒေမျိုးကို ပြန်ပြီးတော့ စစ်ဆေးရမှာပဲ။ အယ်နီညိုကတော့ အခုကြိုလည်း မြင်တယ်။ ဒီကိစ္စကို ကြိုလုပ်ရမယ်ဆိုတာလည်း သိထားတယ်။ အခုလည်း ဒီကိစ္စကို တခြား အဖွဲ့အစည်းက တင်လာတဲ့ အတွက်လည်း ကောင်းပါတယ်။ တို့တွေလည်း ဝိုင်းဆွေး နွေးလို့ ရတာပေါ့။ ဘာတွေ လိုတယ်။ ဘာတွေက အားနည်းချက်တွေ ဆိုတာကိုပေါ့။ ဝိုင်းထောက်ပြကြတယ်။
ဒီပြဿနာကို အစိုးရ အဖွဲ့အစည်းက လုပ်နိုင်မယ်လို့ မျှော်လင့်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် NLD အစိုးရဖြစ်သွားရင် လုံး၀ မပူဘူး။ ဒီအတွက် ကြိုတင် ပြင်ဆင်ထားပြီးသား။ အခုက အချိန်က အရမ်းနီးနေတဲ့အခါမှာ လက်ရှိအစိုးရမှာကတည်းက ဒါကို ပြင်ဆင်ထားဖို့လည်း လိုတယ်။ နောက်ပြီး ပြည်သူလူထု ကိုယ်တိုင်ကလည်း ဒါကို စာစောင်၊ ဂျာနယ်မှာပါလို့ ဟုတ်တယ်လို့ ထင်တဲ့သူက ထင်ပြီးတော့ မထင်တဲ့သူကလည်း မထင်ဘူး။ လူတွေက ကိုယ့်စီးပွားရေး နဲ့ကိုယ် ရုန်းကန်နေရတဲ့အတွက် သူများပြောတာ ကြားပေမယ့် သေချာမသိဘူး။ အစိုးရကိုယ်တိုင်က ဟုတ်တယ်ဆိုတာကို သေချာ ပြောမှသာလျှင် အလုပ်ဖြစ်မယ်။ ချွေတာသင့်တာ ချွေတာဖို့၊ ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ တဦးချင်း အနေနဲ့ရှိမယ်။ နောက် ရပ်ရွာ အဆင့်ပေါ့။ နောက်ပိုင်း အစိုးရဘက်က ကူညီရမယ့် အဆင့်တွေပေါ့။ ဒီအတိုင်းဆက်သွားရင်တော့ အတန်အသင့်တော့ တို့တွေ ကြိုတင်ပြင်ဆင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။
မေး ။    ။ ကော်မတီ ဖွဲ့ပြီးပြီးဆိုတော့ အစည်းအဝေး စလုပ်နေပြီလား။
ဖြေ ။    ။ မနေ့ကမှ တရားဝင် အတည်ပြုတာလေ။ အခုတော့ အော်ဒါလည်း ရတယ်။ ရုံးတွေဘာတွေ သွားကြည့်တယ်။ စပြီးတော့ လုပ်တော့မယ်။ အစည်းအဝေးကို သန်ဘက်ခါလောက် ခေါ်မယ်လို့ မှန်းထားပါတယ်။

မေး ။    ။ အခု ကော်မတီတွေ ဖွဲ့တဲ့အခါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင် ထည့်သွင်းလာတယ်။ သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုအပေါ်မှာ ဘာပြောစရာ ရှိပါသလဲ။
ဖြေ ။    ။ ဟုတ်ပါတယ်။ ကျနော်အမြင်အရတော့ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချိန်တုန်းကတော့ ကော်မတီ ခေါင်းဆောင်တွေက ဗိုလ်ချုပ် ကြီးတွေ။ အငြိမ်းစားတွေပေါ့။ သူတို့ တပ်မတော်သားတွေကို ကော်မတီတွေမှာ ထည့်ပေမယ့် လေ့လာသူ အဆင့်လောက်ပဲ ထားတာ။ ဝင်ဆွေးနွေးလို့ မရဘူး။ မဲပေးခွင့်လည်း မပေးဘူး။ ကျနော်တို့ကတော့ သူတို့ကို တန်းတူဆက်ဆံတယ်။ သူတို့ကိုလည်း ဒီလို အတွေ့အကြုံတွေ ရစေချင်တယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက် အကြံညဏ်ကိုလည်း လိုချင်တယ်။
သဘာ၀ ပတ်ဝန်းကျင် ကိစ္စတွေ၊ သဘာ၀ ဘေးအန္တရာယ်တွေကို သူတို့ကိုယ်တိုင်လည်း သိလာကြပြီး ကိုယ်တိုင်လည်း ဝိုင်းပါနိုင်ရင် ကောင်းတယ်ပေါ့။ ဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် တကယ့်တကယ်တော့ တကမ္ဘာလုံးမှာ ကယ်ဆယ်ရေး လုပ်ငန်းကို တကယ်လုပ်တာ တပ်တွေပါ။ စစ်တပ်က ဒီဟာ တွေကို သူတို့ကိုယ်တိုင်လည်း သိပြီးတော့ လုပ်ဆောင်နိုင်အောင် ကြိုတင်လည်း လေ့ကျင့်ထားနိုင်အောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ။ ရေရှည်မှာ ဘေးအန္တရာယ် တခုခုဖြစ်လာရင် တပ်က အလုပ်နိုင်ဆုံး အဖွဲ့အစည်းပဲ။

မေး ။    ။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကိုရော အားရကျေနပ်မှု ရှိလား။ အကောင်းမြင်လား။
ဖြေ ။    ။ အားလုံး သိတဲ့အတိုင်းပဲ။ ဒီအခြေအနေ ရောက်လာဖို့ နှစ်ပေါင်း ၅၀ လောက် ကြာခဲ့တယ်။ လွယ်မှ မလွယ်ခဲ့တာ။ အခုရောက်လာတယ်။ ခေါင်း ဆောင်ကလည်း ဘာပဲပြောပြော ကျန်းမာရေး ကောင်းနေတယ်။ သွက်သွက်လက်လက်ကို လုပ်နိုင်တယ်။ တဖက်ကလည်း နားလည်သင့်သလောက် နားလည်နေတဲ့အတွက်ကြောင့် အရင်ကထက် ကောင်းအောင် အများကြီး လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။

Loading