
ကချင်ပြည်နယ်၊ ဆဒုံးမြို့အနီး၊ စင်ကြိုင်ရွာသွားလမ်းနံဘေးရှိ ကွင်းအမှတ် ၄ ဘိန်းစိုက်ခင်းကို ဖျက်ရန်လာကြသော ကချင် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အဖွဲ့ဝင်များအား အရပ်ဝတ်များက သေနတ်၊ ဗုံးများဖြင့် ခြောက်လှန့် ပစ်ခတ်ရာ ၁၈ ဦးခန့် ဒဏ်ရာရထားကြောင်း သိရသည်။
“ဘိန်းခင်းဖျက်ဖို့လာတဲ့ အဖွဲ့တွေကို ဘိန်းပိုင်ရှင်တွေနဲ့ ကြေးစားငှားထားတဲ့သူတွေက ဗုံးတွေနဲ့ သေနတ်တွေနဲ့ ခြောက်တဲ့အတွက် ၁၈ ယောက်လောက် ဒဏ်ရာရတယ်။ တချို့က ပျောက်နေတယ်။ တချို့က တောထဲမှာ လူစု နေတယ်” ဟု ယင်းနေရာသို့ ရောက်ရှိနေသည့် Pat Jasan အဖွဲ့ဝင်တဦးဖြစ်သူ ကိုဆန်လီက ဧရာဝတီသို့ ပြောသည်။
Pat Jasan မှ ဦးခေါင်လွမ်းကလည်း “ရှေ့တန်းရောက်တဲ့ ဆေးမှူးကို မေးထားတာပါ။ ၂၄ ရက်မှာထွက်တဲ့ အဖွဲ့ ၂ ဖွဲ့ကို ဘိန်းခင်းဖျက်တဲ့ နေရာမှာဝိုင်းထားတယ်။ ဗုံးတွေကြဲတယ်။ သေနတ်တွေနဲ့လည်း ပစ်တယ်။ အခုလောလောဆယ် ဆေးမှူးမှာတော့ နည်းနည်း ဒဏ်ရာပြင်းထန်တဲ့ လူနာ ၃ ယောက်က ရောက်နေပြီ။ လတ်တလော အခြေအနေပါ” ဟု ပြောသည်။