Arihant လို့ အမည်ပေးထားတဲ့ တန်ချိန် ၆၀၀၀ရှိ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ရေချ စမ်းသပ်တာ အောင်မြင်ခဲ့ပြီလို့ အိန္ဒိယသတင်းတွေမှာဆိုပါတယ်။ ဒီရေငုပ် သင်္ဘောကို လွန်ခဲ့တဲ့ ၆လ ကျော်ကတည်းက ပင်လယ်ရေနက်မှာ မောင်းနှင်ခဲ့သလို ဒုံးပျံပစ်လွှတ်မှုတွေလည်း စမ်းသပ်ပြု လုပ်ခဲ့တာဖြစ်တယ်လိုသိရပါတယ်။
ရုရှားနည်းပညာနဲ့ တည်ဆောက်ခဲ့တဲ့ ရေငုပ်သင်္ဘောမှာ မိုင် ၄၃၅ မိုင်အထိပစ်ခတ်နိုင်တဲ့ ပြည်တွင်းဖြစ် K-15 Sagarika ဒုံးပျံများ တပ်ဆင် အသုံးပြုသွားမှာဖြစ်ပြီး ဒါမှမဟုတ် K – 4 နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံတွေကို တပ်ဆင်နိုင်တယ်လို့ သိရပါတယ်။
ရေတပ်အရာရှိတဦးကတော့ ရေငုပ်သင်္ဘောနဲ့ ပတ်သက်လို့ အားလုံး စမ်းသပ်ပြီးစီးပြီဖြစ်ကြောင်း၊ သူတို့ မျော်လင့်ထားတာတက် ပိုမိုအောင်မြင် တဲ့အတွက် အချိန်မရွေး တပ်တော်ဝင် သုံးနိုင်ပြီဖြစ် တယ်လို့ The Economic Times မှာ ဖော်ပြထားပါတယ်။
ရေငုပ်သင်္ဘောနဲ့ ပတ်သက်လို့ စမ်းသပ်မှုတွေကို အရှေ့ဘက်ကမ်းခြေ မှာရှိတဲ့ Vishakhapatnam ဆိပ်ကမ်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှားကယ်ဆယ်ရေးသင်္ဘော အီပရွန်က လိုက်ပါစောင့်ရှောက်ခဲ့တယ် လို့သိရပါတယ်။