သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဝန်ကြီး ဦးအောင်မင်း ကို အစိုးရသစ် လက်ထက်တွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် ပြည်ထောင်စု သိပ္ပံ အဖွဲ့ Pyidaungsu Institute (PI) က တိုက်တွန်းလိုက်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် UPWC နှင့် PI အဖွဲ့တို့ ယခုလ ၂၄ ရက်က တွေ့ဆုံ ဆွေးနွေးစဉ် တိုက်တွန်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း PI အဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခွန်ဆိုင်း က သတင်းထောက်များကို ပြောသည်။
“တကယ်လို့ NLD အစိုးရက အသစ်ထပ်ဖွဲ့မယ်ဆိုရင် ကျနော်တို့ အသစ်ပြန်စရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖွဲ့တဲ့ အဖွဲ့နဲ့ ကျနော်တို့နဲ့ သိမှာမဟုတ်ဘူး။ မသိတဲ့အခါကြတော့ ဒီကိစ္စမှာ အများကြီး နှောင့်နှေးမှုတွေ ဖြစ်နိုင်တယ်။ တကယ်လို့ လုပ်လက်စ ပုဂ္ဂိုလ် တွေက ဆက်ပြီးတော့မှာ ပါဝင် ကူညီပေးမယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေနိုင်သွားတာကို ပြောတာပေါ့”ဟု ဦးခွန်ဆိုင်း က ပြော ဆို သည်။
ဝန်ကြီး ဦးအောင်မင်း သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် “မူ” မတူသော်လည်း လွန်ခဲ့သည့် ၅ နှစ် ကာလအတွင်း အကြိမ်ကြိမ်တွေ့ဆုံ ထားသဖြင့် ရင်းနှီးမှုများ ရရှိပြီးသားဖြစ်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ပိုမိုလွယ်ကူကြောင်း ထို့ကြောင့် NLD အစိုးရ က လက်မခံလျှင်ပင် သီးခြားအဖွဲ့အနေဖြင့် လုပ်ဆောင်ပေးသွားရန် တိုက်တွန်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
အဆိုပါဆွေးနွေးပွဲသို့ UPWC မှ ဝန်ကြီး ဦးအောင်မင်း၊ ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဦးလှမောင်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက် ပြီး PI အဖွဲ့ကလည်း ဦးဆောင်သူများဖြစ်သည့် ဦးခွန်ဆိုင်းနှင့် စောထူးထူးလေးတို့ နှစ်ဦး တက်ရောက်ခဲ့ကြသည်။
Pyidaungsu Institute (PI) အဖွဲ့ကို ၂၀၁၃ ခုနှစ်အတွင်းက စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်း၌ လုပ်ငန်းများ စတင် လုပ်ကိုင်သော အဖွဲ့ဖြစ်သည်။
အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွင် ပါဝင်မည့် အဖွဲ့အစည်းများကို သုတေသန အားဖြင့် လည်းကောင်း၊ အချက်အလက် အရင်းအမြစ် (Knowledge Resource) အားဖြင့် လည်းကောင်း၊ နည်းပညာ အားဖြင့် လည်းကောင်း ကူညီပံ့ပိုးပေးရန် ရည်ရွယ်၍ ဖွဲ့စည်းထားသောအဖွဲ့တဖွဲ့ ဖြစ်သည်။
ထိုအဖွဲ့ကို ဦးခွန်ဆိုင်း၊ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း နှင့် စောထူးထူးလေး တို့က ဦးဆောင်ပြီး အလွတ်တန်း သုတေသီ ၁၀ ဦး ပါဝင်ကြောင်း သိရသည်။
PI အဖွဲ့က တိုက်တွန်းသည့်အပေါ် ဝန်ကြီး ဦးအောင်မင်း က ဆက်လုပ်၊ မလုပ် ပြောဆိုခြင်း မရှိသေးသော်လည်း အစိုးရသစ် လက် ထက်တွင် လုပ်ခွင့် မရခဲ့လျှင်ပင် သီးခြားအဖွဲ့တဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားလိမ့် မည် ဟု ယုံကြည်ကြောင်း ဦးခွန်ဆိုင်း က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့ အကြား ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က MPC ဆက်ရှိသင့်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ လိုအပ်သည်များကို ဝိုင်းကူပေးရန် ပြောကြောင်း ဝန်ကြီး ဦးအောင်မင်းက ဧရာဝတီနှင့် သီးသန့် မေးမြန်း ရာတွင် ပြောဆိုသည်။
ဝန်ကြီး ဦးအောင်မင်းက “MPC ကို ဒီအတိုင်း ဆက်ထားရင်လည်း ထား။ အကယ်၍ မထားလို့ ပြုပြင်ပြောင်းလဲမယ်ဆိုလည်း ဒါ အာဏာရ အစိုးရရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်တာပေါ့။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးအတွက် ဆိုရင်တော့ ဝိုင်းကူပေးမှာပေါ့။ ဒါ့ကြောင့် မို့ ကျနော်က လိုအပ်တာကို ဝိုင်းကူပေးမယ်လို့ ကျနော်ပြောခဲ့ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၏ အနာဂတ်သည် NLD အစိုးရ၏ ဆုံးဖြတ်ချက် အပေါ်တွင် မူတည်ကြောင်း MPC တာဝန်ရှိသူများက ပြောဆိုသည်။
သို့သော်လည်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး Peace and development foundation ဆိုသည့် အဖွဲ့အား တည်ထောင်ကြရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။