Women

အမျိုးသမီး သင်တန်းနည်းပြများ ဦးစီးဖွင့်လှစ်တဲ့ အမျိုးသမီး ကိုယ်လုံပညာသင်တန်း

This article has been converted from Zawgyi One to Unicode

အမျိုးသမီးများကို အကြမ်းဖက်မှု အန္တရာယ်မှ ကာကွယ်ရန် ရည်ရွယ်ပြီး မြန်မာအမျိုးသမီး ကိုယ်လုံပညာ သင်တန်းကို အမျိုးသမီး သင်တန်းနည်းပြများက ဦးစီးဖွင့်လှစ်ထားကြောင်း သိရသည်။
“ကျမတို့သင်တန်းက အမျိုးသမီးကို ဦးစားပေးသင်တဲ့ သင်တန်းပါ။ ဘာလို့လဲဆိုတော့ အပြင်သွားတဲ့အခါ ကိုယ့်ကို တိုက်ခိုက်လာရင် ဘယ်လိုပြန်ပြီး တိုက်ခိုက်မှာလဲ၊ ဘယ်လိုတုန့်ပြန်မှာလဲ။ ယုံကြည်မှုရှိအောင် ကြောက်စိတ် ပျောက်အောင် အဓိကပါ” ဟု မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်း တည်ထောင်သူ ဒေါ်စောယုကိုက ဧရာဝတီသို့ ပြောသည်။

သင်တန်းကာလသည် ၄ ပတ် ကြာမြင့်ကာ တပတ်လျှင် ၂ ရက် သင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်းတတန်းကို သင်တန်းသား ၁၅ ဦး သင်ကြားမည်ဖြစ်ကြောင်းနှင့် သင်တန်းကြေးမှာ ကျပ် ၄ သောင်း ဖြစ်သည်ဟု ဒေါ်စောယုကိုက ဆက်ပြောသည်။

သင်တန်းကို အဓိကအားဖြင့် အမျိုးသမီးများအတွက် ခုခံတိုက်ခိုက်မှုနှင့် လေ့ကျင့်မှု၊ အမျိုးသမီးနှင့် သက်ဆိုင်သော ဥပဒေများ၊ မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာအောင် သင်ကြားပေးမည့်အပြင် လိင်မှုဆိုင်ရာ အသိပညာ ပေးခြင်းများကိုပါ သင်ကြားပေးမည်ဟု မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်းမှ သင်တန်းနည်းပြဖြစ်သူ မီရှဲက ဧရာဝတီကို ပြောသည်။

“သင်တန်းက များသောအားဖြင့် ကျောင်းသူအရွယ်နဲ့ အိမ်ထောင်သည် အမျိုးသမီးတွေ အတွက်ပါ။ အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေ ပါတယ်။ ကိုယ့်ခန္ဓာကိုယ်အကြောင်း သင်မှာဖြစ်လို့ အသက် ၁၀ နှစ် အရွယ်လည်း လာတက်လို့ ရပါတယ်” ဟု မီရှဲက ဆိုသည်။ နယ်ဘက်မှ အမျိုးသမီးများက အဆိုပါသင်တန်းကို သင်ကြားလိုပါက သွားရောက်ပို့ချပေးမည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာအမျိုးသမီး ကိုယ်လုံ ပညာသင်တန်း၌ တက်ရောက်နေသည့် သင်တန်းသူ မနန်းသီရိအောင်က “အမျိုးသမီး ကိုယ်လုံသင်တန်းကို ဖေ့ဘုတ်စ်မှာတွေ့လို့ လာတက်တာပါ။ သင်တန်းက ထူးလည်းထူးတယ်။ အမျိုးသမီး သီးသန့်ဖြစ်လို့ လာတက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

မြန်မာအမျိုးသမီး ကိုယ်လုံပညာ သင်တန်းကို အမှတ် (၁၂၄)၊ လမ်း ၅၀ အလယ်ဘလောက်၊ ပုဇွန်တောင် မြိုနယ်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Loading