Ethnic Issues

တိုက်ပွဲဖြစ်ပွားရာ ရှမ်းမြောက်သို့ အစိုးရတပ်များ အလုံးအရင်းနှင့် ဝင်ရောက်ဟု ဆို

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် (တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားနေသည့် နယ်မြေများသို့ အစိုးရတပ်မတော် စစ်ကြောင်းများ အလုံးအရင်းနှင့် ဝင်ရောက်လာနေသည်ဟု TNLA က ပြောသည်။

“အစိုးရစစ်ကြောင်းတွေဟာ ၂၃ ရက် လောက်ကတည်းက လာနေကြတာပါ။ အခုဆိုရင် ကျနော်တို့တပ်တွေ အခြေစိုက်တဲ့ မြို့နယ်တွေဘက် လာနေကြပါပြီ။ ကျနော်တို့ကတော့ ကိုယ့်နယ်မြေက ဆုတ်ခွာပေးစရာ မရှိပါဘူး။ ကိုယ့်နယ်မြေထဲ ရောက်လာရင်တော့ ခုခံကာကွယ်တဲ့ အနေနဲ့ ပြန်တိုက်ရမှာပါ” ဟု TNLA ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး တာဘန်လက ဧရာဝတီသို့ ပြောသည်။

အစိုးရ စစ်ကြောင်းများသည် လာရှိုးမြို့နယ်ဘက်မှ တဆင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA တပ်များ လှုပ်ရှားရာ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ စသည့် မြို့နယ်များဘက်သို့ အလုံးအရင်း ဝင်ရောက်လာနေကြောင်း၊ စစ်သားများ၊ လက်နက်များ၊ ရိက္ခာပစ္စည်းများ သယ်ဆောင်လာသည့် စစ်ကားအစီးရေ ၆၀ ဝန်းကျင်နှင့် လား၊ မြင်းအကောင်ရေ ၁၀ ကျော်သည် TNLA နယ်မြေဘက်သို့ လာရောက်နေကြောင်း ဗိုလ်မှူး တာဘန်လက ဆက်ပြောသည်။

အစိုးရစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်မည်ဟု ၎င်းတို့ထံ ကြိုတင် အကြောင်းကြားမှု မရှိသော်လည်း၊ အစိုးရက ထုတ်ပြန်ထားသည့် ကြေညာချက်တချို့အရ သိရှိရကြောင်း၊ ယခုကဲ့သို့ အစိုးရတပ် အင်အားအများအပြား ရောက်ရှိ လာသည့်အတွက် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ဖွယ် ရှိသည်ဟု ၎င်းက ဆိုသည်။

TNLA နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း ( RCSS/SSA ) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးနေရသည်ဟုဆိုကာ၊ ထိုနယ်မြေများသို့ အစိုးရတပ်များက လာရောက် ရှင်းလင်းမည် ဖြစ်ကြောင်း၊ RCSS/SSA နှင့် TNLA တပ်များကိုလည်း ထိုနယ်မြေများမှ ထွက်ခွာပေးရန် အစိုးရစစ်တပ်ဘက်က သတိပေးထားသည်ဟု TNLA ဘက်က ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်မြေများမှ RCSS/SSA တပ်များ ဆုတ်ခွာပေးရန်အတွက် အစိုးရစစ်တပ် ကိုယ်စားလှယ် အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးသည် RCSS/SSA အဖွဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖေဖော်ဝါရီလ ၂၃ ရက်က တွေ့ဆုံစဉ် အကြောင်းကြားပေးခဲ့သည်ဟု သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးခင်ဇော်ဦး က ပြောဆိုသည်။

“သတင်းစာထဲမှ တွေ့တဲ့အတိုင်းပဲလေ။ အဲဒီနယ်မြေထဲကို တပ်ကဝင်မယ်။ တွေ့တဲ့ကောင်ကို တိုက်မှာပဲလို့ တပ်က ပြောပြီးပြီလေ။ ကြေညာချက်ထဲမှာလည်း အဲဒီလိုတွေ့တယ်။ သဘောကတော့ ဒီခွင်ထဲ တပ်မတော်ဝင်မယ်။ ဝင်ပြီးတော့ နယ်မြေရှင်းလင်းမယ်။ ရှင်းလင်းရင်တော့ တွေ့တဲ့ လက်နက်ကိုင်ကို တိုက်မှာပေါ့” အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး ဆိုသည်။

RCSS/SSA အဖွဲ့သည် တောင်ပိုင်းတပ်များသာ ဖြစ်ကြောင်း၊ လက်ရှိပဋိပက္ခ ဖြစ်ပွားနေသည့် နေရာသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ သို့ဖြစ်၍ သတ်မှတ်ထားသည့် နယ်မြေများသို့ ပြန်လည် ဆုတ်ခွာပေးရန် ပြောဆိုထားကြောင်း၊ အလားတူ TNLA အနေဖြင့် ထိုဒေသရှိ ရှမ်းရွာများအတွင်းမှ ထွက်ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ မထွက်ခွာပါက စစ်ရေးအရ ဖိအားပေးရလိမ့်မည်ဟု အစိုးရစစ်တပ်က ပြောဆိုထားကြောင်း သိရသည်။

“TNLA ကိုလည်း အဲဒီခွင်ကနေ မင်းတို့ထွက်ပေးပါလို့ ပြောထားတယ်။ မထွက်သေးရင်တော့ မင်းတို့ကို ကျနော်တို့က စစ်ရေးအရ ဖိအားပေးရင်ပေးရမှာပေါ့။ သူတို့က NCA ထိုးထားတဲ့အဖွဲ့ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့နဲ့ ထိတွေ့မှု ဖြစ်တာက တရားဝင်တယ်လေ၊ မမှားဘူးပေါ့” ဟု ဒု ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ဆက်ပြောသည်။

TNLA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ RCSS/SSA အဖွဲ့ကမူ အစိုးရနှင့် NCA လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။

“အဲဒီနေရာတွေက ကျနော်တို့နေတဲ့ နေရာတွေဆိုတော့ တခြားကို သွားစရာ မလိုဘူးလေ။ တကယ်တော့ ဒီဒေသတွေမှာ အစိုးရတပ်တွေရော၊ RCSS/SSA တပ်တွေပါ မရှိရင်တော့ ဘာမှမဖြစ်ဘူး။ ဒေသခံတွေအတွက်လည်း အကောင်းဆုံးပါ” ဟု ဗိုလ်မှူး တာဘန်လက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲနှင့် နမ့်ဆန်မြို့နယ် အတွင်း၌ RCSS/SSA နှင့် TNLA တပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၃ ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင် နေကြရသည်။ နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများသည် တပ်နေရာ တိုးချဲ့ ချထားရာမှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Loading