ယနေ့ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဦးသိန်းစိန် အစိုးရ၏ ဆောင်ရွက်မှုများကို ဝေဖန်ထောက်ပြသည့် အရေးကြီးအဆိုတရပ်ကို တင်သွင်းခဲ့သည်။
နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား အလျင်စလို ငှားရမ်းလွှဲပြောင်း ရောင်းချမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံဘဲ အစောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အတင်းအဓမ္မ ဖယ် ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူ ညှိနှိုင်းများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျှင်အမြန် စီမံခန့်ခွဲ နေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲပြီး၍ အစိုးရသစ် တာဝန်ယူရန် တလသာ လိုတော့သည့်အချိန်တွင် လက်ရှိအစိုးရ၏ အဓိကတာဝန်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ချောမွေ့ရေး ဖြစ်သော်လည်း အစိုးရဝန်ကြီးဌာနတချို့၊ တိုင်းဒေသကြီး အစိုးရတချို့သည် လိုအပ်သော အစီအမံများ၊ ကြိုတင်ညှိနှိုင်းဆောင်ရွက်မှုများ မပြုလုပ်ဘဲ တာဝန်မလွဲပြောင်းမီ အလျင်စလို လုပ်ဆောင်နေမှုများကို တွေ့ရှိနေရသည်ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
ဒေါ်ခင်စန်းလှိုင် ထောက်ပြသည့် အချက်များမှာ ရန်ကုန်ဆေးရုံကြီးအနီး နိုင်ငံပိုင်မြေပေါ်တွင် ပြည်တွင်း လုပ်ငန်းရှင်တချို့နှင့် စင်ကာပူ ဆေးရုံတခုအား လုပ်ပိုင်ခွင့် ပေးခဲ့ခြင်း၊ စက်မှုဝန်ကြီးဌာန၏ စက်ရုံတချို့အား လွှဲပြောင်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးကို အလေးမထားခြင်း၊ ဒဂုံစီးတီး စီမံကိန်းဝင် ကုမ္ပဏီများကို ရန်ကုန်မြို့တော်၏ တန်ဖိုးကြီး မြေနေရာကောင်းများဖြစ်သည့် ကမ္ဘာအေး ဘုရားလမ်းပေါ်မှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပိုင် ဧရိယာ ၁၇. ၇ ကျယ်ဝန်းသည့် မြေကို အစားထိုးပေးခဲ့ခြင်း၊ နိုင်ငံပိုင်ရှားပါး သယံဇာတ Spectrum ဖြစ်သည့် ကြိမ်နှုန်း ၂၆၀၀ မီဂါဟတ်(2600 MHz Frenqurncy Band)ကို မတ်လ မကုန်မီ ရောင်းချရန် စီစဉ်နေခြင်းတို့ ပါဝင်သည်။
ထို့ပြင် ရှမ်းပြည်နယ် သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာပေါင်း ၁၈ ခုအား သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟူသော သတင်းများ ဖြစ်ပေါ်နေခြင်း၊ လျှပ်စစ်ဝန်ကြီးဌာနက စီမံကိန်းတချို့အား အရေးတကြီး လက်မှတ်ထိုး သဘောတူနေခြင်း၊ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဝန်းကျင်ရှိ သဘာ၀ သစ် တော ကြားခံဇုန် မြေဧက ၂၇၂.၁၅ ကို စက်မှုဇုန်မြေ အငှားချထားရန် ပြင်ဆင်နေခြင်း၊ စွမ်းအင်ဝန်ကြီးဌာန၏ ကျန်ရှိနေသော လောင်စာဆီဆိုင် ၇၀ ခန့်နှင့် အခြားလုပ်ငန်းများကို လွှဲပြောင်းပေးနေခြင်း၊ ရန်ကုန်မြို့သစ် စီမံကိန်းကဲ့သို့သော လုပ်ငန်းများကို အဆောတလျင် ချထားပေးရန် လုပ်ဆောင်နေခြင်း၊ ကျူး ကျော်များကို အတင်း အဓမ္မ ဖယ်ရှားပေးခြင်းနှင့် အခြားကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် ယင်းအဆိုတင်သွင်းသူ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို နေပြည်တော် ပြည်သူ့လွှတ်တော်အပြီး ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က သွားရောက် တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ဘာကြောင့် ဒီအဆိုကို တင်ရတာလဲ။
ဖြေ ။ ။ ဒီလိုအချိန်မှာ နိုင်ငံပိုင်တဲ့ အဆောက်အဦတွေ၊ အရေးကြီးတဲ့နေရာတွေ အားလုံးကို ပုဂ္ဂလိကတွေကို လွှဲပြောင်းပေးနေတာတွေ၊ ရောင်းချတာတွေ၊ လုပ်ပိုင်ခွင့်ပေးနေတာတွေ အားလုံးက အင်မတန်မှကို ဆိုးဆိုးဝါးဝါးတွေ ဖြစ်နေတဲ့အတွက်ကြောင့် ကျမကနေ ပြည်သူ့လွှတ်တော်ထဲကနေ ထောက်ပြပြီးတော့ အရေးကြီး အဆိုတရပ်အနေနဲ့ တင်သွင်းရခြင်း ဖြစ်ပါတယ်။
မေး ။ ။ အခုလို အသွင်ကူးပြောင်းရေးကာလမှာ တင်သွင်းလိုက်တဲ့ ဒီအဆိုကြောင့် ဒီကာလကို ထိခိုက်သွားမှာကို စိုးရိမ်တာမျိုး ရှိပါသလား။
ဖြေ ။ ။ စိုးရိမ်တာမျိုး မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုလွှဲပြောင်းပေးရမယ့် အစိုးရဟောင်းက အစိုးရသစ်ဆီကို မလွှဲပြောင်းမီကာလမှာ တကယ်တမ်းတော့ လုပ်သင့်တာ လုပ်ထိုက်တာတွေကို လုပ်ခဲ့ရမယ်။ ရှင်းရှင်းလင်းလင်း ရှိခဲ့ရမယ်။ နောက်တခုက တကယ်တမ်း နိုင်ငံတော်အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ ကိစ္စတွေဟာ နောင်အစိုးရလက်ထက်မှာလည်း ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဒီအစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း မြင်သာအောင် လုပ်ပြပြီးမှ သွားရမှာဆိုတော့ တကယ်တမ်းက အစိုးရကောင်းတရပ်ဆိုတာဟာ သူတို့အနေနဲ့ အပြောင်းအလဲ မလုပ်ခင်မှာ ဘယ်လောက် အထိ အောင်မြင်အောင် စေတနာထားပြီး နိုင်ငံတော်အတွက် ဆောင်ရွက်ထားတယ်ဆိုတာဟာ အဓိက အချက်ပဲ ဖြစ်ပါတယ်။
ဒီအပေါ်မှာ ကျမတို့က အခုလို တင်ပြလိုက်ခြင်းဟာ လက်ရှိ အစိုးရအနေနဲ့ အာဏာမလွှဲပြောင်းမီကာလမှာ ဘယ်လောက် ပွင့်လင်းမြင်သာမှု ရှိတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်ကို ဘယ်လိုတွေ တင်ပြလာနိုင်ခဲ့တယ်။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း ကောင်းမွန် မှန်ကန် မျှတတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်ဆိုတာကို ပြည်သူလူထုကို တင်ပြနိုင်ဖို့ရာအတွက် အခွင့်အလမ်းကောင်းတခုလို့ မြင်ပါတယ်။
မေး ။ ။ ဒီအဆိုကို အစကတည်းက တင်ဖို့ ရည်ရွယ်ချက်ထားတာလား။ ဒါမှမဟုတ် အာဏာလွှဲပြောင်းရေးအတွက် အစိုးရနဲ့ NLD ကြားမှာ ညှိနှိုင်းမှု အဆင်ပြေမပြေနဲ့ရော ဒီအဆိုက သက်ဆိုင်မှု ရှိပါသလား။
ဖြေ ။ ။ အဲလိုတော့ မဆိုင်ပါဘူး။ ကျမတို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ အဆိုကို တင်သွင်းရတာက ဒီတလခွဲကာလအတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ မလုပ်သင့်တာတွေ လုပ်တာတွေကို မြင်နေတဲ့အတွက်ကြောင့် ဒါကို အစိုးရအနေနဲ့ ပြန်လည်ထိန်းကျောင်း ကြပ်မတ်နိုင်ဖို့အတွက် ကျမတို့ အနေနဲ့ အရေးကြီးအဆိုတရပ်အနေနဲ့ လွှတ်တော်ကို တင်ပြီး မေးမြန်းခြင်း ဖြစ်ပါတယ်။
မေး ။ ။ ဒီအဆိုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်နဲ့ တင်တာပါလား။
ဖြေ ။ ။ ကျမရဲ့အဆိုကို ကျမတို့ ဥက္ကဌကို တင်ပြသလို လွှတ်တော် ဥက္ကဌကြီးကိုလည်း တင်ပြခဲ့ပါတယ်။ လွှတ်တော်က ခွင့်ပြုလို့ အခုလို တင်ပြခွင့်ရတာပါ။
မေး ။ ။ ဒီအဆိုမှာ အချက်အလက်တွေက တော်တော်ပြည့်စုံပါတယ်။ ဒီလို အချက်အလက်တွေရအောင် ဘယ်လို လုပ်ခဲ့ပါသလဲ။
ဖြေ ။ ။ တချို့ဆိုလို့ရှိရင် ကျမတို့ဆီကို စာတွေပို့ပြီး တိုင်ကြားတာရှိတယ်။ တချို့ကလည်း အချက်အလက်တွေ ပေးပြီးတော့ ကျမတို့ကို ပြောဆိုခိုင်းတာတွေ ရှိတယ်။ တချို့ကျတော့လည်း ကျမတို့ကို ဒီလိုပြောဖို့ရာ သင့်တော်တယ်လို့ အကြံပြုပေးခဲ့တာတွေ ရှိတယ်။ ကျမတို့လည်း အချက်အလက်တွေ အများကြီးလည်း စုဆောင်းတယ်။ ဒီနေ့ ကျမတင်ပြတာတွေက အပြင်မှာ တကယ်ဖြစ်နေတဲ့ Issues တွေပဲ။ ကျမတို့က လွှတ်တော်ထဲကနေ ပြည်သူ့အသံတွေကို ပြန်ပြောခြင်း ဖြစ်ပါတယ်။
မေး ။ ။ အခုလွှတ်တော်က အရင်အဆိုတွေမှာ ထောက်ခံတဲ့သူတွေ များပါတယ်။ ဒီအဆိုကိုတော့ ကန့်ကွက်တဲ့သူတွေ များနေတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ အမြင်မတူတဲ့ ပုဂ္ဂိုလ်များကတော့ ကန့်ကွက်မှာပေါ့လေ။ ကျမတို့က အဓိကထားပြီး ပြောချင်တာက တိုင်းပြည်ကောင်းဖို့ရာရယ်၊ အနာဂတ် အစိုးရ သစ်အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်ဖို့ရာနဲ့ အာဏာလွှဲပြောင်းပေးရမယ့် အစိုးရအနေနဲ့ ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်သွားနိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ တင်သွင်းရခြင်း ဖြစ်ပါတယ်။