ကချင်ပြည်နယ်၊ ဆဒုံးမြို့အနီး၊ မဂါးကျေးရွာတွင် တိုက်ခိုက်ခံရသည့် ကချင်လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) မှ ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်သည် ယနေ့ ညနေ ၃ နာရီခန့်တွင် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Pat Jasan အဖွဲ့သည် အဖွဲ့ခြောက်ဖွဲ့ခွဲပြီး ဝိုင်းမော်မြို့အတွင်းရှိ ချီဖွေ၊ ဆဒုံ၊ ကန်ပိုင်တီစသည့် ဒေသများမှ ဘိန်းခင်း များကို ဖျက်ဆီးရန်အတွက် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ယနေ့မနက် ၉ နာရီခွဲအချိန်တွင် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
“အခုလောလောဆယ် မြစ်ကြီးနားဆေးရုံကြီးမှာ ၁၈ ယောက်ရောက်လာပြီ။ ရှေ့တန်းမှာ ၉ ယောက်လောက်ကျန်သေး တယ်လို့ သိရတယ်” ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွန်ဂျာက ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် Pat Jasan အဖွဲ့မှ အင်အား ၃၇၇ ဦးနှင့်အတူ ပြည်သူ့ရဲအင်အား ၃၀၊ ဌာနဆိုင်ရာအဖွဲ့ဝင် များနှင့် စတင်ထွက်ခွာခဲ့ပြီးနောက် ခရီးတထောက်နားသည့်နေရာတွင် ဘိန်းခင်းပိုင်ရှင်များ၊ တဖက်နိုင်ငံမှ တရုတ် မူးယစ် ရာဇာအဖွဲ့ဟုထင်ရသူများက သေနတ်နှှင့်ပစ်ခတ်ခြင်း၊ မိုင်းခွဲခြင်းများပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းက ဆို သည်။
“အဲဒီအဖွဲ့ ပြဿနာဖြစ်တယ်ဆိုတာသိရတော့ အဖွဲ့ ၁ နဲ့ ၃ က ဒီနေ့ထပ်ထွက်ဖို့ အချိန်ဇယားဆွဲထားတာရှိတယ်။ အဲဒီအဖွဲ့ တွေက လိုက်သွားတဲ့အချိန်မှာ ကားလမ်းပေါ်မှာပဲ ကားတွေကိုလည်း မီးရှို့ခဲ့တယ်။ သေနတ်တွေနဲ့ မိုင်းတွေ ပစ်တယ်။ အဲမှာလည်း ထိခိုက်ဒဏ်ရာရကြသေးတယ်” ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။
မြစ်ကြီးနားဆေးရုံသို့ရောက်ရှိလာသည့် ဒဏ်ရာရလူနာများတွင် ၇ ဦးခန့်သည် အနည်းငယ်ဒဏ်ရာပြင်းထန်ပြီး ခွဲစိတ် ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အကြောင်းကြား ထားကြောင်း၊ ယင်းတို့ဘက်မှ ယခုပေးထားသည့်ရဲအင်အားနှင့် မလုံလောက်ပါက တပ်အင်အားနှင့်လုံခြုံရေးပေး မည်ဟုပြောကြားမှုများရှိသော်လည်း ယခုအချိန်အထိ အတိအကျမသိရသေးကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောသည်။
ယနေ့နံနက်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ မေးမြန်းရာ ယင်း၏ဝန် ထမ်းတဦးက နယ်လုံဝန်ကြီးကို ဖုန်းဆက်ရန်ပြောကြားခဲ့သည့်အတွက် နယ်လုံဝန်ကြီးထံ ဆက်သွယ်မေးမြန်းခဲ့ရာ အစည်းအဝေးများလုပ်နေသည်ဟုဆိုကာ မေးမြန်း၍မရခဲ့ပါ။
လက်ရှိအချိန်တွင် အခင်းဖြစ်ပွားသည့်နေရာများတွင် အခြေအနေများရှုပ်ထွေးလျက်ရှိပြီး ဒေသခံဘိန်းစိုက်တောင် သူများအပြင် မည်သည့်အဖွဲ့အစည်းများပါဝင်သည်ကို အတည်မပြုနိုင်သေးကြောင်း Pat Jasan အဖွဲ့မှ ဦးခေါင်လွမ်း က ပြောသည်။
ဦးခေါင်လွမ်းက “အခုလောလောဆယ် ဒဏ်ရာရတဲ့သူတွေကို မြစ်ကြီးနားကိုပို့နေတယ်။ တခြားအဖွဲ့တွေကလည်း အဖွဲ့ တွေခွဲပြီးတော့ သူတို့သူငယ်ချင်းတွေကို သွားကယ်တဲ့အလုပ်လုပ်နေတယ်။ အဲလိုလုပ်နေတုန်း ၁၂ နာရီ နောက်ပိုင်း မှာလည်း ထပ်ပစ်နေတုန်း။ သေနတ်သံတွေကလည်းကြားနေတုန်း။ အယောက် ၃၀ ကလည်း သူတို့ဘိန်းခင်းပိုင်ရှင် တွေရဲ့အတွင်းထဲမှာ ပိတ်မိထားတယ်” ဟု ဆိုသည်။
ယင်းသို့ Pat Jasan အဖွဲ့ကို ဗုံးခွဲခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းတို့ပြုလုပ်သည့်အပေါ် ကန့်ကွက်သောအားဖြင့် ပြည်သူ လူထု ၁၀၀ ခန့်က ယနေ့ညနေတွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံရှေ့တွင် ဆန္ဒပြနေကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ မူးယစ်ဆေးဝါးများတိုက်ဖျက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ကြိုဆို၍ ဟန့် တားနှောင့်ယှက်သူများ၏ အန္တရာယ်မှကာကွယ်ပေးရန်နှင့် ထိရောက်သော ကူညီဆောင်ရွက်မှုများ အမြန်ဆုံးဆောင် ရွက်ပေးရန် ပြည်ထောင်စုအစိုးရကိုတိုက်တွန်းကြောင်းအဆိုကို ယနေ့ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသော်လည်း ယင်းအဆိုကို ပြန်လည်ဖြေရှင်းရန် အစိုးရက လာရောက်ဖြေရှင်းခြင်းမရှိကြောင်း သိရ သည်။