တိုင်းပြည်နှင့် ပြည်သူအတွက် အသက်စွန့်ကြိုးပမ်းခဲ့သည့် ဗိုလ်အောင်ကျော်လို ပုဂ္ဂိုလ်များစွာ မြန်မာပြည် အတွက် လိုအပ်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဧရာဝတီတိုင်း ဒေသကြီး မဲဇလီကုန်းမြို့၌ ကျင်းပနေသည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျရောက်မည့် ဗိုလ်အောင်ကျော် အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
“ယခုအခါ ကျမတို့နိုင်ငံမှာ ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ်တာဝန်ကျေတဲ့ သားကောင်း၊ သမီးကောင်းများ လိုအပ်နေပါတယ်။ ကျမတို့တိုင်းပြည်နဲ့ ပြည်သူလူထုအများ ရေရှည်ကောင်းစားဖို့ ငြိမ်းချမ်းဖို့ဆိုတာ ကျမတို့အားလုံးက ဝိုင်းဝန်းတည်ဆောက်မှ ရရှိမှာမို့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကျရာကဏ္ဍကနေ ဝိုင်းဝန်းတည်ဆောက်ခြင်းအားဖြင့် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် ပြောဆိုထားသည်။
နယ်ချဲ့ဆန့်ကျင်ရေး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲကို မွေးရပ်ဒေသဖြစ်သည့် အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်နေ့အထိ ၃ ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်အောင်ကျော် မွေးဖွားရာ ရုံးဇင်ရွာတွင် ယနေ့ နံနက်ပိုင်းက နှစ် ၁၀၀ ပြည့် ဗိုလ်အောင်ကျော် အထိမ်းအမှတ် ပြခန်း ဖွင့်လှစ်ခဲ့ပြီး မဲဇလီကုန်းမြို့ သုခိတာရုံ ကျောင်းတိုက်တွင်လည်း ဗိုလ်အောင်ကျော်၏ ဘဝ၊ စာပေနှင့် အနုပညာပြခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
“ပြခန်းဖွင့်တဲ့ ရည်ရွယ်ချက်ကတော့ နောက်လူငယ်တွေ ဗိုလ်အောင်ကျော်ကို အားကျအတုယူနိုင်အောင် ဖြစ်ပါတယ်။ ဒီပြခန်းမှာ ဗိုလ်အောင်ကျော်ရဲ့ ပညာရေး မှတ်တမ်းတွေ၊ လက်ရေးမူတွေ၊ ရှားပါးဓာတ်ပုံတွေ၊ မျိုးရိုးစဉ်ဆက် ဇယားတွေကိုပါ ပြသထားပါတယ်”ဟု ပြခန်းဖြစ်မြောက်ရေး ကော်မတီဝင် ဦးဆန်းညွှန့်ဦး က ဧရာဝတီကို ပြောသည်။
မဲဇလီကုန်းမြို့တွင် ဗိုလ်အောင်ကျော် အမည်ဖြင့် မြို့တော်ခန်းမနှင့် စာကြည့်တိုက်တို့ တည်ထောင်ထားသော်လည်း ဗိုလ်အောင်ကျော် ၏ သမိုင်းဆိုင်ရာပြခန်း မရှိခဲ့ကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် ဗိုလ်အောင်ကျော် ပြခန်းသည် မြန်မာ့သမိုင်း တလျှောက် ပထမဆုံးဖြစ်ကြောင်းလည်း ဦးဆန်းညွန့်ဦးက ပြောဆိုသည်။
ဗိုလ်အောင်ကျော်၏ လက်ရေးမူများနှင့် ရှားပါးဓာတ်ပုံများကို ဗိုလ်အောင်ကျော်၏ တူဖြစ်သူ စာရေးဆရာ သန်းဝင်းနိုင်နှင့် တူမဖြစ် သူ ဒေါ်သန်းဌေးတို့မှ ပြခန်းတွင်ပြသရန် လှူဒါန်းခြင်းဖြစ်ပြီး ပြခန်း အဆောက်အအုံနှင့် ကမ္ပည်းကျောက်စာတို့အတွက် ကုန်ကျစရိတ်များကို မဲဇလီကုန်းမြို့ခံများနှင့် ရန်ကုန်မြို့ရောက် မဲဇလီကုန်း ဒေသခံများက ဝိုင်းဝန်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဗိုလ်အောင်ကျော် ၏ ပုံတူကြေးရုပ်ကို မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော် ခန်းမရှေ့တွင် ယနေ့ ညပိုင်း၌ အခမ်းအနားဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ ရေးသူဖတ်သူ ဆွေးနွေးပွဲများလည်း ကျင်းပသွားရန် စီစဉ်ထားသည်။
“အခုလို ဗိုလ်အောင်ကျော်ကို သတိရတမ်းတပြီး နှစ် ၁၀၀ ပြည့်ပွဲကျင်းပပေးတာ ကျနော်တို့ ဗိုလ်အောင်ကျော် မျိုးဆက်တွေအနေနဲ့ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီလိုကျင်းပပေးမှသာ နောင်လာနောက်သား လူငယ်တွေ ဗိုလ်အောင်ကျော်ဆိုတာ ဘယ်သူလဲ ဆို တာသိပြီး အားကျ အတုယူလာကြမှာပါ”ဟု ဗိုလ်အောင်ကျော်၏ တူအရင်းဖြစ်သူ စာရေးဆရာ သန်းဝင်းနိုင်က ပြောသည်။
နေမျိုးသီဟသူရ ဘွဲ့ရ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို အဘ ဦးကျော်ထင်နှင့် အမိ ဒေါ်ရွှေကျော့ တို့က မဲဇလီကုန်းမြို့ ရုံးဇင်ရွာတွင် ၁၉၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ မွေးဖွားခဲ့သည်။
မူလတန်းနှင့် အလယ်တန်းပညာကို မဲဇလီကုန်းရှိ အမျိုးသားကျောင်းတွင် အောင်မြင်ခဲ့ပြီး အထက်တန်း ပညာကို ဟင်္သာတမြို့တွင် အောင်မြင်ခဲ့သည်။
ထို့နောက် ရန်ကုန်မြို့ရှိ ဂျပ်ဆင်ကောလိပ်တွင် ဥပစာတန်း တက်ရောက်နေစဉ် အင်္ဂလိပ် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးသည့်ကိစ္စနှင့် ပတ်သက်၍ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ အင်္ဂလိပ် အစိုးရ၏ အတွင်းဝန်ရုံးကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြခဲ့ကြရာ အင်္ဂလိပ် မြင်းစီးပုလိပ်တပ်၏ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းမှုကြောင့် ဗိုလ်အောင်ကျော် ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာနှင့်ပင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။