Politics

ဒေါ်ခင်စန်းလှိုင်၏ အရေးကြီးအဆို အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်နိုင်ဟု ကြံ့ခိုင်ရေး ပြော

This article has been converted from Zawgyi One to Unicode

သက်တမ်း ကုန်ခါနီး ဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်ချက်များကို ဝေဖန်ထောက်ပြထားသည့် ဒေါ်ခင်စန်းလှိုင်၏ အရေးကြီးအဆိုသည် လက်ရှိ ဆောင်ရွက်လျက်ရှိသည် အစိုးရနှင့် လာမည့် အစိုးရသစ်ကြား ရင်ကြားစေ့ရေးကို ထိခိုက်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က “ဒီအဆိုကြောင့် အမျိုးသား ရင်ကြား ကွဲသွားနိုင်ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေးကြီးအဆိုတရပ်ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား အလျင်စလို ငှားရမ်းလွှဲပြောင်း ရောင်းချမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံဘဲ အစောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အတင်းအဓမ္မ ဖယ် ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူ ညှိနှိုင်းများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျှင်အမြန် စီမံခန့်ခွဲ နေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုဖြစ်သည်။

ယင်းအဆိုနှင့် ပတ်သက်၍ ယနေ့လွှတ်တော်တွင် NLD က ထောက်ခံဆွေးနွေးပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်ဆွေးနွေးခဲ့သည်။

အစိုးရ၏ လုပ်ငန်းစဉ်များကို စောင့်ကြည့် ထိန်းကျောင်းပေးရခြင်းသည် လွှတ်တော်၏ အလုပ်ဖြစ်သဖြင့် ဒေါ်ခင်စန်းလှိုင်၏ အဆိုသည် ဘောင်ဝင်ကြောင်း၊ လက်ရှိ အစိုးရအနေဖြင့် အသွင်ကူးပြောင်းမှု ကာလတွင် ပွင့်လင်းမြင်သာမှုရှိရှိနှင့် လွှတ်တော်သို့ လာရောက်ရှင်းပြပါက ပြည်သူများ၏ ထင်ရောင်ထင်မှား ဖြစ်မှုကို လျှော့ချနိုင်ကြောင်း၊ လက်ရှိ ပကတိ အခြေအနေများကို ပြည်သူလူထုက သိထားသင့်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဧရာဝတီသို့ ပြောသည်။

ဦးလွင်ကိုလတ်က “ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုက တင်သင့်တင်ထိုက်တဲ့ ကိစ္စဖြစ်တယ်။ အသွင်းကူးပြောင်းတဲ့ ကာလမှာ လွှတ်တော် ဘက်ကလည်း လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ပဲ ပြောချင်တယ်’’ ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီကမူ ယခုအဆိုသည် ဥပဒေပြုမဏ္ဍိုင်နှင့် တိုက်ရိုက်မသက်ဆိုင်ဟု ယူဆကြောင်း၊ အစိုးရ တာဝန်လွှဲပြောင်းရေး ကော်မတီက စနစ်တကျ စိစစ်၍ ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိ အစိုးရ၏ အုပ်ချုပ်မှုကို ဘောင်ကျော် လုပ်ဆောင်မှုမျိုး မဖြစ်စေလိုကြောင်း လွှတ်တော်တွင် ဆွေးနွေးသည်။

လွှတ်တော်၏ ထိန်းကျောင်း တည့်မတ်ရေး တာဝန်သည် အစိုးရ၏ အုပ်ချုပ်ရေး အခွင့်အာဏာကို စွက်ဖက်မှုများ ရှိ၊ မရှိကိုလည်း သတိပြုရန် လိုအပ်ကြောင်း၊ လွှတ်တော်၏ ထိန်းကျောင်းတည့်မတ်ရေး ဘောင်အတွင်းမှ ဆောင်ရွက်ခဲ့လျှင် လွှတ်တော်၏ ဂုဏ်သိက္ခာ တက်လာသော်လည်း ဘောင်ကို ကျော်လွန်မိပါက လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးနိုင်သဖြင့် သတိပြုသင့်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ပြောသည်။
“သေချာသိမှ လုပ်ပါ” ဟု ဒေါက်တာ မောင်သင်းက လွှတ်တော်တွင် ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်ကလည်း “အရေးကြီးအဆို ဆိုတာဟာ နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးအတွက် လွှတ်တော်မှာ တင်ပြဖို့ အချိန်နည်းနေတဲ့ အခါကျမှ တင်ရတာပါ။ လက်ရှိ အဆိုတင်သွင်းခြင်းဟာ လက်ရှိ လွှတ်တော်အသစ် ပေါ်ပေါက်လာသော်လည်းပဲ ပြည်ထောင်စု အစိုးရအသစ် မပေါ်ပေါက်သေးပါဘူး။ ဒါကြောင့်မို့ ဥပဒေပြုရေး တာဝန်ယူထားတဲ့ လွှတ်တော်အနေနဲ့ သတိရှိရှိ နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်ဖို့ လိုပါတယ်’’ ဟု လွှတ်တော်တွင် ပြောသည်။
“ရှင်းရှင်းပြောရရင် ကျနော်တို့က ကုမ္ပဏီနဲ့ ပေါင်းစားနေတယ်လို့ အထင်ခံရနိုင်တယ်” ဟု ဦးစတီဖန်က ပြောသည်။
NLD ပါတီမှ စေတုတ္တရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ ဆွေးနွေးချက် အပေါ်တွင်လည်း လွှတ်တော် နည်းဥပဒေများအရ မဆိုင်သည့် ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးသည်ဟု ဆိုကာ တပ်မတော်သား ကိုယ်စားလှယ်တဦးက ကန့်ကွက်ဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် အားလုံး မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြသည်။

လက်ရှိ အဆိုကို ပြန်လည် ရှင်းပြရန်အတွက် အစိုးရက လွှတ်တော်သို့ ယနေ့ လာရောက်ခြင်းလည်း မရှိပေ။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က“လွှတ်တော်ဆိုတာ ဥပဒေပြုရေးပဲ တာဝန်ရှိတယ်။ ကျန်တဲ့အပိုင်းတွေ တာဝန်မရှိသလို ဆွေးနွေးသွားတာလည်း တွေ့ရပါတယ်။ လွှတ်တော်ဆိုတာ ဥပဒေပြုရေး သက်သက် မဟုတ်ပါဘူး။ မည်သည့်အစိုးရမဆို လွှတ်တော်က အဆိုတွေ၊ မေးခွန်းတွေ တင်သွင်းခွင့် ရှိတယ်ဆိုတာ တည်ဆဲဥပဒေက ပြဌာန်းထားပြီး ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

Loading