Human Rights

အစိုးရနှင့် ပူးတွဲ အကောင်အထည် ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်း KNU ဝေဖန်ခံရ

This article has been converted from Zawgyi One to Unicode

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ဘောကထ ရေအားလျှပ်စစ် စီမံကိန်းအတွက် မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီးနောက် ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ KNUပိုင်ဆိုင်သည့် သူးလေ ကုမ္ပဏီ လီမီတက်မှ အကြီးအကဲ ဦးစောတာဒိုမူးနှင့် လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းတို့အတူ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်မဲမြို့ ရှိ ဘောကထချောင်းပေါ်တွင် တည်ဆောက်မည့် အဆိုပါ စီမံကိန်း ပြီးစီးသွားလျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၆၀ ထုတ်လွှတ်နိုင်ပြီး ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့ကို ဖြန့်ဝေပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။

KNU ထိပ်ပိုင်း ခေါင်းဆောင်တချို့က MoU ရေးထိုးခြင်းကို လှုမှုကွန်ရက် မီဒီယာမှတဆင့် သိရကြောင်းနှင့် ၎င်းစီမံကိန်းကို လက်မှတ် မထိုးခင်တွင် စီမံကိန်း၏ဆိုးကျိုး၊ ကောင်းကျိုးများကို လေ့လာစမ်းစစ်မှုများနှင့် ဆွေးနွေးတိုင်ပင်မှုများ မပြုလုပ်ခဲ့သည့်အတွက် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ဘောကထ ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်မယ်ဆိုတာ ကျနော်တို့ အင်တာနက်မှာ သတင်းတက်တော့မှ သိရတာပါ။ အသေးစိတ်ကိုတော့ မသိပါဘူး။ KNU ဗဟိုကော်မတီက အကြီးတန်းခေါင်းဆောင်တွေ အနေနဲ့ ဒီအကြောင်းကို သိသင့်ပါတယ်” ဟု KNUတွဲဖက်အတွင်းရေးမှူး (၁) ပဒို စောသောသီဘွဲက ဧရာဝတီသို့ ပြောသည်။

သူးလေကုမ္ပဏီ လိမီတက်အနေဖြင့် MoUလက်မှတ်ရေးထိုးမှု လုပ်ငန်းစဉ်များ မပြုလုပ်ခင် အဆိုပါစီမံကိန်း၏ အကျိုးသက်ရောက်မှုကို ပုံမှန်အားဖြင့် လေ့လာစမ်းစစ်သင့်ကြောင်း ပဒို စောသောသီဘွဲ က ပြောသည်။ ဆုံးဖြတ်ချက် မချခင်တွင် လေ့လာစမ်းစစ်မှု ရလဒ်များမှာ KNU ဗဟိုကော်မတီထံ၌ တင်ပြရန်လိုအပ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

“အဲဒီ လေ့လာ ဆန်းစစ်မှုတွေပြီးရင် ဒေသတွင်း လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ NGO တွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကလည်း ဒီဆည်ဆောက်လုပ်တဲ့ အကျိုးဆက်နဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုချက်တွေ ရယူသင့်တယ်။ အခုတော့ MoUလက်မှတ်ရေးထိုးတဲ့ အကြောင်းကို ကျနော်တို့ ဂဃဏန မသိပါဘူး” ဟု ပဒို စောသောသီဘွဲက ပြောသည်။

လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက် (EIA) လုပ်ငန်းစဉ်များကို မလုပ်ဆောင်ဘဲ MoUလက်မှတ် ရေးထိုးလိုက်ခြင်းသည် သူူးလေကုမ္ပဏီ အကြီးအကဲ၏ လုပ်ဆောင်ချက်သည် ပွင့်လင်းမြင်သာမှု မရှိကြောင်း Karen Environmental and Social Action Network (KESAN) ၏ ပြန်ကြားရေးတာဝန်ခံ ဆာမူးက ထောက်ပြသည်။

ဘောကထစီမံကိန်း ပြုလုပ်မည့် ဧရိယာအနီးတွင် နေထိုင်ကြသော ကရင်ရွာသားများက စီမံကိန်း ပြုလုပ်သည့်အတွက် ၎င်းတို့မြေယာများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြကြောင်း ဆာမူးက ဧရာဝတီသို့ ပြောသည်။

ဘောကထ လျှပ်စစ်စီမံကိန်း အနီးတဝိုက်ရှိ ဒေသခံများသည် ပဲခူးတိုင်းရှိ တခြား ရေအားလျှပ်စစ် စီမံကိန်းတခု ဖြစ်သော ရွှေကျင် ရေအားလျှပ်စစ် စီမံကိန်းပြုလုပ်စဉ်က ရာနှင့်ချီသော ဒေသခံများ နေရာပြောင်းရွေ့ ခံရခြင်းကဲ့သို့ မဖြစ်ချင်ကြကြောင်း သူက ထပ်ပြောသည်။

လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ် ထုတ်လွှတ်ပေးသော ရွှေကျင်ရေအားလျှပ်စစ် စီမံကိန်းစတင်ခဲ့သည့် ၂၀၀၂ ခုနှစ်တွင် ရွာပေါင်း ၄၅ ရွာ ပြောင်းရွေ့ခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုသို့ ပြောင်းရွေ့ခံခဲ့ရသော ရွာသားများ အနေဖြင့်လည်း မည်သည့်လျော်ကြေးမှ မရရှိခဲ့ပေ။

“ဒေသခံရွာသားတွေက ဌာနေ တိုင်းရင်းသားတွေပါ။ ဒါပေမဲ့ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ရွှေကျင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဒေသခံတွေမှာ လယ်ယာမြေတွေ ရွာတွေ ဆုံးရှုံးခဲ့ရတယ်။ နေရာရွေ့ပြောင်းခံခဲ့ရတယ်” ဟု ဆာမူး ကပြောသည်။

“ဒီရေအားလျှပ်စစ် စီမံကိန်းကို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှု ရှိသင့်တယ်။ ဒေသခံ ရွာသားတွေ အနေနဲ့လည်း ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ပြီး ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက်သင့်တယ်” ဟု ဆာမူးက ဆက်ပြောသည်။

သူးလေ ကုမ္ပဏီသည် ဓာတ်ဆီနှင့် ရေနံနှင့် ကူးသန်းရောင်းဝယ်ခွင့်၊ သတ္တုတူးဖော်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကားတင်သွင်းခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်သည်။
ကုမ္ပဏီ အကြီးအကဲ ဦးစောတာဒိုမူးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော စောရန်နိုင်၏ KNU Criticized After Signing MoU on Hydropower Dam ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)

Loading