မြန်မာ့တပ်မတော်(ရေ) ပင်လယ်ပြင်လေ့ကျင့်ခန်း ပြုလုပ်နေစဉ် အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃စင်း မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ဝင်ရောက်ပျံသန်းလာကြောင်း မြဝတီသတင်းမှာဖော်ပြထားပါတယ်။Combined Fleet Exercise- Sea Shield 2016 လို့ အမည်ပေးထားတဲ့ တပ်မတော်(ရေ) စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၂ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့အစည်းများ ၊ စစ်သံရုံးများကို အကြောင်းကြားကာ ကိုကိုကျွန်းရေပြင်မှာ ပြုလုပ်နေတာဖြစ်ပါတယ်။
လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် အသိပေးကြေညာထားပါတယ်။
အခုလို ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး တပ်မတော်(ရေ)လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် အမြောက်၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှု များပါရှိသဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ထပ်မံအသိပေးအကြောင်းကြားမှုများ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။