ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယ သမ္မတတဦးကို တင်မြှောက်ခွင့် ရရှိထားရာ ၎င်းသည် ကာကွယ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး အမြင်တို့ ရှိရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တင့်ဆန်းနိုင် ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်သူမျိုးကို တပ်မတော်က ရွေးမှာပါ။ အမြင် ၄ မြင် ရှိတဲ့သူမျိုးပေါ့။ ကာကွယ်ရေး အ မြင်၊ နိုင်ငံရေးအမြင်၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေး အမြင် ရှိတဲ့သူမျိုးကိုပဲ ဖြစ်စေချင်တယ်။ အဲလို လူမျိုး လာမှာပါ။ အမြင် ၄ မြင် ရှိမှပဲ တိုင်းပြည် လုံခြုံမယ်။ တိုင်း ပြည် ဖွံ့ဖြိုးတိုးတက်မယ်”ဟု ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရကို တပ်မတော်သားများသည် အမျိုးသားနိုင်ငံရေးကို လုပ်ရမည်ဖြစ်ကြောင်း၊ ယခု လွှတ်တော်တွင် ဖွဲ့စည်းလာသည့် ကော်မ တီများတွင် တပ်မတော်သား ကိုယ်စားလှယ်များကို တရားဝင် ထည့်သွင်းလာခြင်းကို ကြိုဆိုကြောင်း ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ပြောသည်။
“အရင်လွှတ်တော်တွေတုန်းက ကော်မတီတွေမှာ လေ့လာသူအနေနဲ့ပဲ တက်ရတာ။ ဒီကိစ္စက ဖြစ်သင့်ပါတယ်”ဟု သူက ဆိုသည်။
လက်ရှိ တပ်မတော်မှ ဒုတိယ သမ္မတဖြစ်မည်ဟု သတင်းထွက်နေသူများမှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့် အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဖြစ်သည်။
သို့သော် အငြိမ်းစား ဗိုလ်ချုပ်ကြီး ၃ ဦးတို့အနက် အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့သည် လွှတ်တော် ကိုယ်စား လှယ်များ ဖြစ်နေပြီး အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသဖြင့် ၎င်းတို့ကို ဒုသမ္မတ နေရာအတွက် ထည့်သွင်း စဉ်းစားမှု မရှိတော့ကြောင်း တပ်မတော်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
“ပြောရရင် လွှတ်တော် အမတ်ဖြစ်နေကြသူတွေကို ဒုသမ္မတ တင်လိုက်လို့ နေရာလွတ်မှာ ပြန်ပြိုင်ရင် ကြံ့ခိုင်ရေးက ပြန်နိုင်ဖို့ မလွယ်ဘူး။ နေပြည်တော်မှာ ဦးလှေဋ္ဌးဝင်း နိုင်သွားတာ ဘုရားတွေလှူ၊ တပ်မတော်သားတွေက ဆေးတွေ အလကားလာကုပေးနဲ့ သူအတင်းလုပ်သွားလို့ နိုင်တာ။ သူရသက်ဆွေ ဆိုရင် လည်း ကိုးကိုးကျွန်းလို နေရာမျိုးမှာ သွားပြိုင်လို့ရတာ။ အဲဒါကြောင့် တပ်မတော်က တာဝန်ယူဆဲသူကိုပဲ ဒုတိယ သမ္မတ တင်လိမ့်မယ်”ဟု တပ်မတော်နှင့် နီးစပ်သူက ပြောသည်။
ထို့ကြောင့် လက်ရှိ ဖြစ်နိုင်ချေ အရှိဆုံးသူမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၀ သင်တန်းဆင်း၊ တပ်မတော်တွင် တတိယနေရာ၌ တာဝန်ရှိသူ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဖြစ်သည်ဟု သိရသည်။
“အများကြီး ဖြစ်နိုင်တယ်။ တပ်ချုပ်က သူ့ထက် ငယ်တဲ့သူကို စဉ်းစားလိမ့်မယ်။ တပ်မတော်မှာက စီနီယာ၊ ဂျူနီယာက သိပ်စကားပြောတာ။ သူ့စကား နား ထောင်မယ့် လူမျိုးကိုပဲ တပ်ကရွေးတဲ့ ဒုသမ္မတလောင်းအဖြစ် တင်လိမ့်မယ်”ဟု အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး နိုင်ရဲဇော်က ဧရာဝတီသို့ ပြောသည်။
ယခင် တပ်မတော်မှ ရွေးချယ်ခဲ့သည့် ဒုတိယ သမ္မတလောင်း ၂ ဦးမှာ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းတို့ ဖြစ်သည်။
“နောက်ဆုံးတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေနဲ့ပဲ ဆိုင်လိမ့်မယ်။ ဘယ်သူတွေ ဘာတွေပြောပြော တပ်ချုပ်က ဒီအပေါ်မှာပဲ ကစားသွားလိမ့်မယ်။ နောက်ဆုံး ၄ လပတ် အစည်းအဝေး နောက်ပိုင်းမှာ တပ်ချုပ်ရဲ့ ပင်စင် သက်တမ်းတိုးလိုက်တော့ ဒုတပ်ချုပ် စိုးဝင်း ဒုသမ္မတ လုပ်တော့မယ်ဆိုတဲ့ အသံ ထပ်ထွက်လာတယ်”ဟု တပ်မတော် လူကြီးပိုင်းများနှင့် နီးစပ်သူက ပြောဆိုသည်။