ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးလည်း အစိုးရ ကိုယ်စားလှယ် အဖွဲ့ UPWC ကနေ ပါဝင်ခဲ့ပါတယ်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးဟာ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာလည်း ပါဝင်သူ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တပ်မတော်သား ကိုယ်စားလှယ် ၁၄၉ ဦးကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ NCA မူကြမ်းရေးဆွဲရာမှာလည်း တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှာ ဒု ဗိုလ်ချုပ်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အငြိမ်းစားဖြစ်ပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တပ်မတော်က ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင် ပေးနေသူ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ခရီးစဉ်အတွင်း ဆွေးနွေးပွဲ အခြေအနေတွေ၊ လက်မှတ်မထိုးဖြစ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် တပ်မတော်ရဲ့သဘောထားနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒု ဗိုလ်ချုပ်ကြီး ဟောင်း ခင်ဇော်ဦးကို ဧရာဝတီ သတင်းထောက်တွေဖြစ်တဲ့ ငြိမ်းငြိမ်းနဲ့ ကျော်ခတို့က ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း က နေရာတွေမှာ တပ်မတော်က ပူးပေါင်း စစ် ဆင်ရေးတွေလုပ်နေတယ်ဆိုတာကို ဒီမနက်(ဖေဖော်ဝါရီ ၂၅ ရက်) အစိုးရသတင်းစာထဲမှာ တွေ့လိုက်ရတယ်။ အဲဒါက ဘယ်ဟာကို ပြော ချင်တာလဲဆိုတာ မရှင်းဘူး ဖြစ်နေလို့ ရှင်းပြပါလား။
ဖြေ။ ။ အဲဒီစစ်ဆင်ရေးပိုင်းတော့ ကျနော်မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က တပ်က ထွက်သွားပြီဆိုတော့လေ။ ဒီစစ်ဆင် ရေး လုပ်နေတာတို့ ဟိုဘက်ကို သွားတာတို့ အဲဒီအစည်းအဝေးတွေလည်း ကျနော်တို့ မတက်ရဘူးလေ။ ကျနော့်ကို ခိုင်းလိုက်တာ၊ ပြောလိုက်တာ ကတော့ ဦးယွက်စစ်နဲ့ တွေ့လို့ရှိရင် သူတို့တပ်တွေထွက်သွားပေးဖို့ အခု TNLA(ပလောင် အမျိုးသား လွတ်မြောက် ရေး တပ်မတော်)နဲ့ ဖြစ်နေကြတယ် မို့လား။ ဖြစ်နေကြတဲ့ နေရာကနေပြီးတော့မှ တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ ပဋိပက္ခဆက်ဖြစ်နေရင် လူတွေဒုက္ခ ရောက်တယ်။ နယ်မြေလည်း မတည်ငြိမ် ဖြစ်မယ်။ ဒါကြောင့် ကျနော်တို့တပ်အနေနဲ့ ပြောတာက တပ်က ချက်ချင်းမဝင်တာက ပဋိပက္ခ ပိုကြီးသွားမှာ စိုးတာရယ်။ နောက် တိုင်းရင်းသား အချင်းချင်းညှိကြလို့ရှိရင် အဆင်ပြေသွားမယ်ဆိုပြီးတော့ တပ်က ပထမပိုင်းတော့ မဝင်ဘူးလေ။ နောက်ပိုင်း လွှတ်တော်တွေမှာလည်း ရှင်းကြတာပေါ့နော်။
တင်ပြကြတဲ့ အခါမှာ RCSS က NCA ထိုးထားတဲ့ အဖွဲ့ဖြစ်တယ်။ တပ်ကဝင်လိုက်လို့ရှိရင် မတော်တဆများ RCSS နဲ့ ထိတွေ့မှုတွေ ဖြစ်လာ လို့ရှိရင် NCA သူအချင်းချင်း တိုက်ပွဲဖြစ်တယ်ဆိုတာမျိုး မဖြစ်စေလိုတဲ့အတွက်ကြောင့် ပဋိပက္ခ မြန်မြန်ပြီးအောင် RCSS တပ်တွေကို အဲဒီနေရာကနေ ထွက်ပေးပါ။ ကျနော်တို့ JMC (ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)မှာ တပ် နေရာချထားရေး ဘာညာလုပ်တော့ သူတို့ RCSS က တောင်ပိုင်းတပ်လေ၊ သာမန်အားဖြင့် ဆိုတော့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် နယ်မြေမှာ သူတို့ကို နေရာပေးထားတာရှိတယ်။
အဲဒီနေရာထဲမှာ လက်ရှိ ပဋိပက္ခဖြစ်တဲ့နေရာ မပါဘူး။ မပါတော့ အဲဒီကနေ ထွက်ပေးပြီးတော့မှ သူတို့သတ်မှတ်ထားတဲ့ နေရာကို ပြန် ဆုတ်ပေးပါ။ ပြီးရင် ကျနော်တို့က TNLA ကိုလည်း အဲဒီခွင်ကနေ မင်းတို့လည်း မနေနဲ့၊ ထွက်ပေးပါ။ မထွက်သေးရင်တော့ မင်း တို့ ကို ကျနော်တို့က စစ်ရေးအရ ဖိအားပေးရင် ပေးရမှာပေါ့။ သူတို့က NCA ထိုးထားတဲ့ အဖွဲ့ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာက တရားဝင်တယ်။ မမှားဘူးပေါ့။ RCSS ကျတော့ ထိတွေ့မှုမဖြစ်ချင်ဘူးပေါ့။ အဲဒီလို ဦးယွက်စစ်ကို လာပြီး တော့ ညှိတာပေါ့။
မေး။ ။ အဲဒီတော့ ဘာပြန်ပြောလဲခင်ဗျ။
ဖြေ။ ။ သူတို့ TNLA နဲ့ ပြန်ပြီးတော့ ညှိပါမယ်တဲ့။ စိတ်မပူပါနဲ့တဲ့ သူတို့ ထွက်ပေးပါမယ်တဲ့။ ကျနော်တို့ကတော့ ချက်ချင်း တရက် နှစ် ရက်အတွင်း ထွက်ပေးဖို့ ပြောတာပေါ့။ သူတို့ကတော့ ထွက်တော့ ထွက်ပေးပါ့မယ်၊ TNLA နဲ့ ညှိဦးပါ့မယ်တဲ့။ ညှိပြီးလို့ အဆင်ပြေ သွားရင် သူတို့ထွက်မယ်တဲ့။ သူတို့ထွက်သွားလို့ရှိရင် အဲဒီနေရာမှာ TNLA က ဒုက္ခပေးမှာ သူတို့စိုးပါတယ်တဲ့။ ကျနော်တို့ကတော့ ခင်ဗျားတို့ ထွက်ပြီးရင် ကျနော်တို့ဝင်မယ်။ ကျနော်တို့ စောင့်ရှောက်မယ်ဆိုတော့ တပ်မတော်က TNLA အကြောင်းကို သိပ် မသိဘူး တဲ့။ TNLA က နယ်မြေ ပိုကျွမ်းတယ်ပေါ့။ အဲဒီတော့ ခြုံခိုတိုက်တာတို့ ဘာတို့ဖြစ်လိမ့်မယ်။ သူတို့ TNLA နဲ့ရှင်းပါ့မယ်။ ဒီပြဿနာကို သူတို့လက်နက်နဲ့ တိုက်ပွဲနဲ့မရှင်းဘဲ အခြားနည်းနဲ့ သူတို့ရှင်းပါ့မယ်။ ပြေလည်တဲ့အခါမှ ထွက်မယ်တဲ့၊ သူတို့ အဲဒီလိုပြောတယ်။
မေး။ ။ ဖြစ်တာကလည်း ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ ဒီနောက်ပိုင်းမှာ ဆက်ဖြစ်နေတာဆိုတော့ သတင်းစာမှာ ပါလာတဲ့ အကြောင်း အရာအရဆိုရင် သိပ်မကြာခင်လေးကပဲ တပ်မတော်က ကြားဝင်ပြီးတော့ ပြောတယ်ပေါ့နော်။ ဒါပေမယ့် ဖြစ်တဲ့ ရက်ကနေပြီး တော့ အခုထိဆိုလို့ရှိရင် ၂ ပတ်လောက်ရှိသွားပြီ အဲဒီကြားထဲမှာ ပြေလည်အောင်မလုပ်နိုင်ဘူး။
ဖြေ။ ။ ကျနော်တို့က မဝင်ဘူး။ တပ်ကမဝင်ဘူး။ သူတို့အချင်းချင်း ညှိရင် ညှိပါစေဆိုပြီးတော့လေ။ သူတို့အချင်းချင်းဖြစ်တာ ၂ ပတ် လောက်ရှိလာတော့ ကြာလာတဲ့အတွက်ကြောင့် တပ်က ဒီအတိုင်းတော့ ကြည့်နေလို့မရတော့ဘူး။ ကျနော်တို့ ဝင်ရှင်းမှရမယ်။ အဲဒီ တော့ RCSS က လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့အခါကျတော့ ခင်ဗျားတို့ ဖယ်ပေး၊ ကျနော်တို့ဝင်မယ် ဆိုတော့ အဲဒီလိုပြောတာ လေ။
မေး။ ။ ဗိုလ်ချုပ်တို့နဲ့ တွေ့တဲ့အခါကြတော့ ဖယ်ပေးဖို့အတွက် နောက်ဆုံးရက်တွေ သတ်မှတ်ထားတာတွေ ဘာတွေ ရှိလား။
ဖြေ။ ။ အဲဒီလိုတော့ ကျနော်တို့ မပြောဘူး။ စာနဲ့ရေးထားတဲ့အထဲမှာတော့ ရှိကောင်းရှိမယ်လေ။ ကျနော့်ကိုပြောထားတဲ့ အထဲမှာတော့ တရက် နှစ်ရက်လို့ အဲဒီလိုပြောတာ၊ အတိအကျကြီးတော့ မပြောဘူး။ JMC မှာကျတော့ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောတယ်။ တပ်တွေ ထွက်ပေးဖို့ JMC ရဲ့စည်းကမ်းအတိုင်းလုပ်ဖို့ RCSS အနေနဲ့သတ်မှတ်ထားတဲ့ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် နယ်မြေမှာ သတ်မှတ်ထားတဲ့နေရာမှာ နေဖို့ နယ်မြေကျော်ပြီးတော့မှ မသွားဖို့ပေါ့နော်။ အဲဒီလိုလေးတော့ JMC မှာပြောတာပေါ့။
မေး။ ။ ခုန ပြောတဲ့အတိုင်းဆိုလို့ရှိရင် ၂ ရက်အတွင်းမှာ ထွက်ပေးရမယ်။ အဲဒီလို ထွက်မသွားဘူးဆိုလို့ရှိရင် အခြေအနေတွေက ဘာတွေ ဆက်ဖြစ်နိုင်လဲ။
ဖြေ။ ။ အဲဒါတော့ သတင်းစာထဲမှာ ပါတဲ့အတိုင်းပဲ။ အဲဒီဟာတော့ ကျနော်က တပ်ကမဟုတ်တော့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ မဟုတ်တဲ့ အခါကျတော့ ဒီစစ်ဆင်ရေးပိုင်းကို ကျနော်မသိတော့ဘူး။ ကျနော်လည်း ခင်ဗျားလိုပဲ သတင်းစာထဲ ဖတ်တာပဲ၊ ကျနော် တွေ့တယ်လေ။ အခုတော့ သတင်းစာထဲမှာ တွေ့တဲ့အတိုင်းပဲလေ။ အဲဒီအထဲကို တပ်က ဝင်မယ်၊ တွေ့တဲ့ကောင် တိုက်မှာပဲလို့ တပ် ကပြောပြီလေ။ ကြေညာချက်ထဲမှာ အဲဒီလိုတွေ့တယ်လေ။ သဘောက ဒီခွင်ထဲကို တပ်မတော်က ဝင်မယ်၊ ဝင်ပြီးတော့ နယ်မြေရှင်း လင်းမယ်လေ။
ရှင်းလင်းရင် တွေ့တဲ့လက်နက်ကိုင်ကို တိုက်မှာပေါ့။ ဆိုတော့ တကယ်ဝင်ပစ်ရင်တော့ သူတို့ရှိနေရင်တော့ ဖြစ်ချင်ဖြစ်သွားနိုင်တာ ပေါ့။ ကျနော်တို့ကတော့ အဆင့်ဆင့် တရားဝင် အကြောင်းကြားတယ်။ စာနဲ့ ပေးတယ်။ လူနဲ့ တွေ့တယ်။ Request (မေတ္တာရပ်ခံ) လုပ်တာပေါ့။ ညှိနှိုင်းရဲ့သားနဲ့ မဖယ်မပြုဘူးဆိုရင်တော့ ထိတွေ့မှု ဘာညာဖြစ်လာတယ် ဆိုလို့ရှိရင်တော့ ကျနော်တို့အလွန် မဟုတ် ဘူးလေ။
မေး။ ။ ဒီ ဦးသိန်းစိန် အစိုးရ သက်တမ်းအတွင်းမှာ အပစ်မရပ်ကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်မှတ်ထိုးဖြစ် မယ့် အနေအထားရှိလား။
ဖြေ။ ။ သူတို့ကိုတော့ ကျနော်တို့နဲ့ ဟိုတနေ့ကတွေ့တော့ ထိုးဖို့ ကျနော် တိုက်တွန်းပါတယ်။ သူတို့လည်း ပြန်ပြီးတော့ ညှိဦးမယ်လို့ ပြောပါတယ်။
မေး။ ။ UNFC (တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ) နဲ့ တွေ့တဲ့ ဆွေးနွေးပွဲကရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ။ ကျနော် UNFC နဲ့ မဆွေးနွေးဘူး။
မေး။ ။ အပစ်မရပ်သေးတဲ့ လက်နက်ကိုင်လား။
ဖြေ။ ။ အပစ်မရပ်သေးတဲ့ လက်နက်ကိုင်လည်း မဟုတ်ဘူး။ လက်မှတ်မထိုးသေးတဲ့ လူတွေနဲ့ ကျနော်တို့ ဆွေးနွေးတာ။ ကျနော် တို့ UNFC နဲ့ မဆွေးနွေးဘူး။ NCA ကို လက်မှတ်မထိုးရသေးတဲ့ သူတွေနဲ့ ဆွေးနွေးတာ။ အဲဒီလူတွေက UNFC အဖွဲ့ဝင် ဖြစ်ချင်ဖြစ် မယ်။ မဖြစ်ချင် မဖြစ်ဘူး။ ဒါကတော့ ကျနော်တို့အပိုင်းမဟုတ်ဘူး။ ကျနော်တို့က လက်မှတ်မထိုးရသေးတဲ့ လူတွေနဲ့ ဆွေးနွေးတာ။
မေး။ ။ UNFC ကိစ္စက ဘာဖြစ်လို့လဲ။ UNFC ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးရမှာကို လက်မခံတာက။
ဖြေ။ ။ ဒါတော့ ကျနော်မသိဘူး။ ဟိုးအရင်ကတည်းက အစိုးရဘက်က UNFC ဆိုတာကို ဘယ်သူကမှ အသိအမှတ် မပြုထားဘူး။
မေး။ ။ UNFC ဆိုတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးရမှာကို သိပ်ပြီး စိုးရိမ်နေသလိုပဲ။
ဖြေ။ ။ စိုးရိမ်တာ မဟုတ်ဘူး။ UNFC ဆိုတာကို အသိအမှတ်ကို မပြုဘူး။
မေး။ ။ ဘာကြောင့်လဲ။
ဖြေ။ ။ အဲဒါတော့ ကျနော်မသိဘူး။ လူကြီးတွေ မေးကြည့်။ ကျနော် မသိဘူး။ ကျနော်က ကလေးပဲ။
မေး။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဗိုလ်ချုပ်လည်း ပါဝင်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကနေပြီးတော့ နောက်လာမယ့် အစိုးရကျလို့ရှိရင် တခြားကိုယ်စားလှယ်တွေဆိုရင် အပြောင်းအလဲ ရှိနိုင်တယ်ပေါ့နော်။ ဒါပေမယ့် တပ်မတော်ကခန့်တဲ့ ကိုယ်စားလှယ်တွေအကုန်လုံးက ဒီအတိုင်းပဲ ဆက်ရှိသွားမလား။
ဖြေ။ ။ ဒါလည်း ပြောလို့မရဘူးလေ။ သူတို့ဘယ်တော့ လုပ်မှန်းမှ မသိတာ။ နောင်တချိန် လုပ်တဲ့အခါကျရင်တော့ ကျနော်တို့ ဒီလူ တွေ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ကျနော်တို့ ၁၅၀ ကတော့ အသစ်လည်းဖြစ်နိုင်တယ်။ ဒီလူလည်း ဖြစ်နိုင်တယ်။ ဒါကတော့ အရှင်ပဲ လေ။ ကျနော်တို့တွေက ဝန်ထမ်းတွေဆိုတဲ့အခါကျတော့ ပြောင်းတာရွှေ့တာတွေလည်း ရှိမယ်လေ။ သဘောကတော့ အခု အကြိမ် မှာ သမီးက တက်တယ်လေ။ ဒုတိယအကြိမ်မှာ သမီးက သင်တန်းတခုတက်နေရင် သမီးကို ခေါ်လို့ မရတော့ဘူးလေ။ အားတဲ့လူ ခေါ်မှာပေါ့။ ဒီလိုမျိုးပေါ့။
လူတွေရဲ့ အလုပ်တာဝန်အပေါ်မှာလည်း မူတည်တယ်။ ကျနော်တို့က သင်တန်းတွေတက်ရတယ်။ အပြောင်းအရွှေ့တွေ လုပ်ရ တယ်။ ဆိုတော့ အဲဒီအပေါ်မှာလည်း မူတည်တာပေါ့။ သူ မအားဘူး။ အလုပ်များတယ်ဆိုလို့ရှိရင် နောက်တယောက်ကို ခေါ်မယ်။ သူက သင်တန်းတက်နေတယ်ဆိုလို့ရှိရင်လည်း သူ့ကို သင်တန်းက ပြန်ခေါ်လို့မရဘူးလေ။ ဒီလူတွေလည်း ဖြစ်ချင်ဖြစ်မယ်။ ပြောင်း ချင်လည်း ပြောင်းမယ်ပေါ့။ ကျနော်တို့ရဲ့ လည်ပတ်မှုအရကို ပြောင်းချင်လည်း ပြောင်းနိုင်တာပေါ့။
မေး။ ။ နောက်တခုက လူဦးရေ အရေအတွက်ပေါ့။ ၁၅၀ ဆိုတဲ့ အရေအတွက်မှာ အကုန်လုံးက အခုတော့ သဘောတူလိုက်ပြီပေါ့နော်။ တချို့က ဝေဖန်နေကြတာက အစိုးရနဲ့ စစ်တပ်နဲ့ တပ်မတော်နဲ့ ဒီလွှတ်တော်နဲ့ ဘာဖြစ်လို့ တပေါင်းတည်း မဖြစ်နိုင်ရတာလဲပေါ့။ နိုင်ငံရေး ပါတီက ၁၅၀ ဆိုရင် အစိုးရရယ်၊ တပ်မတော်ရယ်၊ လွှတ်တော်ရယ်။
ဖြေ။ ။ အဲဒါကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖွဲ့စည်းပုံကို ပြန်ကြည့်လိုက်လေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကို တပ်မတော်က သီးခြားရပ်တည်တယ်။ တပ်မတော်အပိုင်း ဆိုပြီး သီးခြားရှိတယ်။ ဆိုတော့ တပ်မတော်က အစိုးရ Scale (အတိုင်းအတာ) မှာလည်း မပါဘူး။ လွှတ်တော် Scale မှာလည်း မပါဘူး။
ကျနော်တို့ တပ်မတော်က NCA ကို စဆွေးနွေးစဉ်ကတည်းက အစု ၅ စုနဲ့ အစိုးရရယ်။ လွှတ်တော်ရယ်၊ တပ်မတော်ရယ်။ EAO’s (တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ) ရယ်၊ နိုင်ငံရေးပါတီရယ် ဆိုပြီး ဒီလိုသွားခဲ့တာလေ။ သွားခဲ့တဲ့အခါကျတော့ တပ်မတော်က တပ်မတော် Scale ကို တောင်းတယ်။ အစိုးရက အစိုးရ Scale၊ လွှတ်တော် Scale၊ EAO’s Scale ပေါ့။ အဲဒီလို ခွဲပေးတာပေါ့နော်။ ပထမဆုံးကတော့ ၁၀၀၊ ၁၀၀ ဆိုပြီးတော့ အဲဒီလိုပေးတယ်လေ။ ပေးတော့ နိုင်ငံရေးပါတီကို ကျနော်တို့က ၁၅၀ ပေး တယ်။ သူကတော့ များတယ် ဆိုတော့။
EAO’s က ၁၅၀ တောင်းတယ်။ ကျနော်တို့က EAO’s ၁၅၀ ဆိုရင် တပ်ကလည်း ၁၅၀ ပဲ။ EAO’s ၁၀၀ ဆိုရင် တပ်ကလည်း ၁၀၀ပဲ။ နိုင်ငံရေးပါတီရယ်။ အစိုးရရယ်၊ လွှတ်တော်ရယ် ကြိုက်သလောက်ထားပါ။ EAO’s နဲ့ ကျနော်တို့ကတော့ တူရမယ်။ တကယ်တော့ ဒီ ပဋိပက္ခမှာ အဓိက EAO’s နဲ့ တပ်မတော်လေ။ EAO’s ၁၀၀ဆို ကျနော်တို့က ၁၀၀၊ EAO’s က တထောင်ဆို ကျနော်တို့က တထောင်။
မေး။ ။ ဒါပေမယ့် အခုလက်မှတ်ထိုးလိုက်တာက ၈ ဖွဲ့ပေါ့နော်။ EAO’s က ထပ်ပြီးတော့တိုးလာရင်လည်း တပ်ဘက်က ဒီအရေ အတွက် အတိုင်းပဲလား ထပ်ပြီးတော့ တိုးမှာလား။
ဖြေ။ ။ အဲဒါကတော့ ဒီ UPDJC အစည်းအဝေးမှာ စဉ်းစားမှာပေါ့။ ထပ်တိုးလာလို့ရှိရင် သူတို့ ၂၀၀ ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့။ ကျနော်တို့ပြောထားတာက EAO’s နဲ့ကျနော်တို့က တူရမယ်။ အရေအတွက်ချင်း တူရမယ်။ ကျန်တဲ့လူတွေက တူချင်တူ မတူချင်နေ ကျနော်တို့က သိပ်ပြီးတော့ စကားမပြောဘူး။ EAO’s ထပ်တိုးရင် ကျနော်တို့ကိုလည်း တိုးပေး။
မေး။ ။ သာမန်လူ တယောက်အနေနဲ့ရော တခြားနိုင်ငံတွေက အတွေ့အကြုံအရဆိုရင်ရော တပ်မတော်နဲ့ အစိုးရဆိုရင် တနိုင်ငံ တည်း မှာရှိတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေးက အကုန်လုံး အတူတူလို့ မြင်ကြတာပေါ့။ အခု မြန်မာပြည်မှာကြတော့ တပ်မတော်နဲ့ အစိုးရက အပြိုင်လိုမျိုးဖြစ် နေတယ်။ အဲဒီဟာကရော။
ဖြေ။ ။ Is according to the constitution ပဲလေ။
မေး။ ။ ဒီဟာက ပေါင်းသွားမယ့်ပုံစံမျိုးမရှိဘူးလား။ အခုဆိုရင် တပ်မတော်နဲ့ အစိုးရက နှစ်ဖွဲ့ဖြစ်နေတယ်။
ဖြေ။ ။ ဒါက လက်ရှိ Constitution အတိုင်းလေ။ Constitution ပြောင်းသွားရင်တော့ ပြောင်းသွားမှာပေါ့။ Constitution မပြောင်း ရင်တော့ ဒီလိုပဲနေမှာပေါ့။ တချိန်မှာကတော့ Constitution ကလည်း ပြောင်းရင် ပြောင်းလာနိုင်တယ်လေ။ ဘယ်တော့လဲဆိုတာ တော့ မသိဘူးလေ။ ပြောင်းသွားတဲ့အခါကျလို့ရှိရင် တခြားနိုင်ငံတွေလို တပ်မတော်ကလည်း ဒီမိုကရက်တစ်အောက်ကို ရောက်ချင် လည်း ရောက်သွားမှာပေါ့။ ဒါကတော့ ဘယ်တော့လဲဆိုတာတော့ မသိဘူးလေ။ ဖြစ်လာမလားဆိုတာတော့ မပြောတတ်ဘူးပေါ့။ လက်ရှိကတော့ ဒီအတိုင်း တည်ထားတာဆိုတော့ ဒီအတိုင်းပဲသွားရမှာပေါ့။ ပြောင်းသွားရင်တော့ ပြောင်းတဲ့အတိုင်း လိုက်သွားရမှာပေါ့။
မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အလားအလာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးကတော့ လိုချင်လို့ရှိရင် ရသွားမှာပေါ့။ ဒါပေမယ့် လူတွေက ကိုယ့်ပလက်ဖောင်းကိုပဲ ဖက်တွယ်နေကြရင်တော့ မဖြစ်နိုင်ဘူးပေါ့။ အလျှော့အတင်းလေးတော့ ရှိရမှာပေါ့။ နှစ်ပေါင်း ၆၀ လောက်ဖြစ်လာတဲ့ဟာကြီးကတော့ တရက် ၂ ရက် တနှစ် ၂ နှစ် တည်းနဲ့ရဖို့တော့ ခက်တာပေါ့။ သူတို့ကလည်း သူတို့လိုလားချက် အစိုးရကလည်း အစိုးရလိုလားချက် သို့မဟုတ်လည်း EAO’s ကလည်း သူတို့ရဲ့ စိုးရိမ်ချက်၊ အစိုးရကလည်း အစိုးရစိုးရိမ်ချက် ဒါလေးတွေတော့ရှိကြတာပေါ့။ ရှိကြတဲ့ အခါကြတော့ များများတွေ့လေ ယုံကြည်မှု များများရလေပေါ့။ သူတို့ကလည်း စိုးရိမ်ချက်တွေရှိမှာပေါ့ဗျာ။ နိုင်ငံရေးအာမခံချက် အပါအဝင်တွေပေါ့နော်။ တခြား ဟာတွေရောပေါ့။ သူတို့ရဲ့ စိတ်ဝင်စားမှုတွေရှိမှာပေါ့။ အစိုးရကလည်း စိုးရိမ်တာပေါ့နော်။ တပ်မတော်ကလည်း စိုးရိမ်ချက်တွေရှိတာ ပေါ့။ ဒါကြောင့် ယုံကြည် မှုတည်ဆောက်ရတာပေါ့ဗျာ။
တမိသားနဲ့ တမိသား အိမ်ထောင်ရက်သား ပြုကြတဲ့လူလိုပေါ့ဗျာ။ တယောက်နဲ့ တယောက် တလောကလုံး တခါမှမတွေ့ခဲ့ဘူးဘဲနဲ့ အသက် ၂၀ လောက်မှ တွေ့ဖူးတဲ့လူတွေ ဘာကြောင့် ညားကြတာလဲ။ တယောက်နဲ့ တယောက် ယုံကြည်လို့ပဲ မဟုတ်ဘူးလား။ ဒါပဲလေ။ ယုံကြည်သွားလို့ရှိရင် မိန်းကလေးကလည်း သူ့ဘဝကို ယုံကြည်ပြီး အပ်သလို ယောက်ျားလေးကလည်း အိမ်ထောင်ဝန် ထမ်းဆောင် ပေးရတယ်လေ။ ဒီသဘောပဲ ဟုတ်တယ်မို့လား။
မေး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက်မှာ တပ်မတော်ဘက်က စိုးရိမ်းနေရတဲ့ အချက်ရှိလား။ ရှိတယ်ဆိုရင် အဲဒီစိုးရိမ်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ တပ်မတော်ဘက်က စိုးရိမ်ချက်ကတော့ ဒို့တာဝန် အရေးသုံးပါးပဲလေ ဒါပဲ။ ခင်ဗျားနဲ့ ကျနော်နဲ့ ညီအစ်ကို ဒါပေမယ့် ခင်ဗျား သေနတ် ကိုင်ထားတယ် ဆိုကတည်းက ကျနော်က စိုးရိမ်တော့မှာပဲ။ စဉ်းစားကြည့်လေ။ ကျနော်တို့ မိသားစုထဲမှာ တယောက်က သေနတ်ကိုင် ထားတော့ ကျန်တဲ့လူတွေက မစိုးရိမ်ရဘူးလား။ စိုးရိမ်တာပေါ့။ အဲဒီတော့ ဘယ်အချိန် ငြိမ်းချမ်းရေးရမလဲ ဆိုတော့ လက်နက်ကိုင် တိုက်ပွဲ မရှိတော့တဲ့အချိန် ငြိမ်းချမ်းရေးရမှာပေါ့။ စစ်ပွဲဟာ အဖြေမဟုတ်ဘူးဆိုတာ ကျနော်တို့အားလုံး နားလည် တယ်။ စစ်တိုက်လို့ အဖြေ မဟုတ်ဘူး။ တယောက်နဲ့တယောက် ဆွေးနွေးညှိနိုင်းမှ ရကြမယ်လေ။
အလျှော့အတင်းလေးတော့ ရှိကြရမှာပေါ့။ ဒါကလည်း သဘာဝကျတဲ့ အလျှော့အတင်းလေးတော့ ဖြစ်ရမှာပေါ့။ တဖက်က မတန် မဆ တောင်းတိုင်းလည်း ကျနော်တို့က ပေးနိုင်ချင်မှ ပေးနိုင်မယ်လေ။ အဲဒီတော့ နှစ်ယောက် သဘာဝကျတဲ့ ယုတ္တိရှိတဲ့ ဟာမျိုးဆိုရင်တော့လည်း ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနေရှင်နယ် နိုင်ငံတွေမှာလည်း ဒီလိုပဲ ညှိကြပြုကြရင်းနဲ့ ပြေ လည် သွားတဲ့နိုင်ငံတွေရှိပါတယ်။ မပြေလည်သေးတဲ့ နိုင်ငံတွေလည်း တွေ့နေတာပဲ။ ကျနော်တို့လည်း ညှိကြ နှိုင်းကြရမှာပေါ့။ တကယ်တော့ ညီအစ်ကိုတွေပါပဲ။ နားလည်မှုတွေ မရကြသေးဘူးပေါ့နော်။ သူတို့နဲ့ ကျနော်တို့နဲ့ ပြန်တွေ့ကြတာ အခုမှ ၃-၄ နှစ်ပဲရှိသေးတယ်လေ။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်မထိုးခင်တုန်းက အချိန်မှာ ဒီဘက်က ကျန်ခဲ့တဲ့ အုပ်စုက လက်မှတ်ထိုးဖို့ ရှိပေ မယ့် သူတို့တောင်းဆိုတဲ့ အားလုံးပါဝင်ရေးမူကို အစိုးရနဲ့ တပ်မတော်က သဘောမတူတဲ့အတွက် လက်မှတ်မထိုးဖြစ်ဘဲ ဖြစ်သွားတယ်။
ဖြေ။ ။ သဘောမတူတာ မဟုတ်ဘူး။ အစကတည်းက NCA ဆိုတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ခဲ့ကြတယ်။ အဲဒီ ရေးတုန်း က လည်း သူတို့တွေ ပါတယ်။ ကျနော် ဥပမာ တခုပြောမယ်။ ကျနော်တို့အားလုံးအတူ ဒီမှာ ညှိနေကြတဲ့အချိန်မှာ ခင်ဗျားလည်းပါတယ်။ သူလည်း ပါတယ်။ အဲဒီလိုပါနေတဲ့ အချိန်မှာ ဒီအစည်းအဝေးထိုင်နေတဲ့ စကားပြောနေတဲ့ အချိန်မှာ အပြင်ခဏထွက်သွားတဲ့ အချိန်မှာ ခင်ဗျားက ကျနော့်ကို ချောင်းရိုက်တယ်။ အဲဒီတော့ နောက်တကြိမ် ဒီအစည်းအဝေးကို ခင်ဗျားပါဖို့အတွက်ကို ကျနော် ဘယ်လို စဉ်းစားမှာလဲ။
ရေးတုန်းက အတူတူပဲ ရေးကြတာပဲ။ မပြီးခင်မှာ MNDAA က လောက်ကိုင်တိုက်ပွဲကို ဖော်ဆောင်လိုက်တယ်။ ရေးတုန်းက သူတို့ပါတယ်။ ခုန ကျနော်ပြောသလိုပဲ။ ကျနော်တို့ အတူတူ ဒီမှာ စကားပြောနေတဲ့ အချိန်မှာပဲ ကောင်းပြီ ကောင်းပြီ ပြောပြီးတော့ အပြင် ထွက်တဲ့အချိန်မှာ ခင်ဗျားက ကျနော့်ကို နောက်က ရိုက်ပစ်လိုက်တယ်ဗျာ။ အဲဒီတော့ နောက်တကြိမ် ပြန်တွေ့တဲ့ အချိန်မှာ ခင်ဗျားကို ကျနော် ဘယ်လိုဆက်ဆံ ရမှာလဲ။ ခင်ဗျား ဒီစည်းဝိုင်းထဲမှာ ကောင်းကောင်းမွန်မွန် လာပြောတုန်းက ကျနော်က အရိုက်ခံလိုက် ရတဲ့ကောင်လေ။
ခင်ဗျား အဲဒီလို ရိုက်ပေးဖို့ကို သူက ကူညီပေးတယ်လေ။ အဲဒီတော့ သူနဲ့ခင်ဗျားနဲ့ကို ကျနော် ဘယ်လိုဆက်ဆံမလဲ။ ဒီစည်းဝိုင်းထဲမှာ ခင်ဗျား ပြန်ပါဖို့ ဆိုတာ။ ဒီတကြိမ်တော့ ခင်ဗျား မဖြစ်နိုင်သေးဘူး။ ခင်ဗျားကို ကျနော်မယုံတော့ဘူး။ ကျနော်တို့ ရေးနေကြတဲ့အချိန်မှာ MNDAA ပါတယ်။ TNLA ပါတယ်။ AA ပါတယ်။ ကောင်းပြီ လောက်ကိုင်မှာ တိုက်ပွဲဖြစ်တယ်။ AA သူနဲ့ ဘာဆိုင်လဲ။ TNLA သူနဲ့ ဘာဆိုင်လဲ။ သူ ဘာလို့ ဝင်ကူလဲ။ ရိုးရိုးလေး စဉ်းစားနော်၊ ဒါသဘာဝကျကျ ကျနော်ပြောတာ။ အခု ကျနော်တို့ ၅ ယောက် ဒီမှာရှိတယ်။ အပြင်ခဏ ထွက်တယ်။ ခင်ဗျားက ရိုက်တယ်လေ။ ခင်ဗျား ရိုက်နိုင်အောင် သူက ကူညီပေးတယ်။ ဆိုတော့ ခင်ဗျားတို့နှစ်ယောက်နဲ့ ကျနော် ဘယ်လိုစကား ပြောရတော့မှာလဲ။ ခင်ဗျားတို့နေတော့ ရန်တော့ ဆက်မဖြစ်ဘူး။ ခင်ဗျားတို့ ဒီထဲမှာ လာမပါနဲ့တော့။ မပါနဲ့ဦး ဒီတခါ။ ခင်ဗျားစိတ်ရင်း မမှန်ဘူးလေ။
ခင်ဗျားကို ကျနော်ရိုက်ရင် ခင်ဗျား ဘယ်လိုခံစားရမလဲ။ ဒီ ၃ ဖွဲ့မှာ MNDAA က အဓိက လောက်ကိုင်တိုက်ပွဲကို ဖော်ဆောင်တဲ့သူ။ သူ့ကို တမျိုး ကျနော်တို့ စဉ်းစားရမယ်။ ကူညီတဲ့ TNLA နဲ့ AA ကို ကျနော်တို့ တမျိုးစဉ်းစားပေးမယ်။ သူတို့က အဓိကတော့ မဟုတ် ဘူး။ ဒါပေမယ့် ဝိုင်းဝန်း ပံ့ပိုးတဲ့သူ။ ဒီသဘောဖြစ်တာပေါ့။
NCA ကိုရေးနေတဲ့ အချိန်တုန်းက KIA နဲ့လည်း ကျနော်တို့ တိုက်ပွဲဖြစ်တယ်။ RCSS နဲ့လည်း တိုက်ပွဲဖြစ်တယ်။ အဲဒီတိုက်ပွဲတွေနဲ့ လောက် ကိုင်တိုက်ပွဲတွေနဲ့ မတူဘူးလေ။ ခုနပြောတဲ့ဥပမာလိုပဲ သူနဲ့ကျနော် စကားပြောရင်းနဲ့ တယောက်နဲ့ တယောက် ခလုတ် တိုက် ရင် တိုက်သွားမယ်။ တယောက်နဲ့ တယောက်မမြင်လို့ တိုက်တာရှိမယ်။ ကျနော်မမြင်လို့ တိုက်တာ ရှိမယ်။ သူက ညီမလေး စိတ် မဆိုးနဲ့နော်။ သူကလည်း ဟာ အစ်ကိုကြီး စိတ်မဆိုးနဲ့နော်။ ခလုတ်တော့ တိုက်တယ်။ သူ နာရင်နာသွားမယ်။ ကျနော်နာရင် နာသွားမယ်။ ဒါပေမယ့် တယောက်နဲ့ တယောက်က နားလည်လို့ရတယ်။ ဒါပေမယ့် ကျနော်အပြင်ထွက်တဲ့ အချိန်မှာ ခင်ဗျားက ကျနော့်ကို နောက်ကနေ ရိုက်တယ်လေဗျာ။ သူတို့နဲ့ ခလုတ်တိုက်တာမျိုးနဲ့ တူမလား။
အဲဒါကို ကျနော်ဘယ်လို နားလည်ပေးရမလဲ။ ဟာ ဒီကောင်ကွာ ငါတို့ပြောနေတဲ့ကြားက ငါ့ကို နောက်ကနေ ရိုက်တယ်ကွာ၊ သူ အဲဒီလို နောက်က ရိုက်ဖို့ဟာကို ခင်ဗျားက ရှေ့ကနေ နောက်ကို လှည့်မကြည့်အောင် တခုခုပြတယ်လေ။ မလုပ်နိုင်အောင် ကူညီ ပေးတယ်လေ။ ခုန ခလုတ်တိုက်တာမျိုးနဲ့ မတူဘူးလေ။
KIA နဲ့ရော RCSS နဲ့ရော ထိတွေ့မှုတွေ ဖြစ်တာပဲ။ ဒါပေမယ့် ညှိလို့ရတယ်။ ဒါက အောက်ခြေမှာ မှားတာတို့ ပြုတာတို့ ဆင်းညှိလို့ရတယ်။ လောက်ကိုင်တိုက်ပွဲကျတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးစစ်ဆင်တာ။ အစိုးရကို တိုက်တယ်။ စစ်ဌာနချုပ်ကို တိုက်တယ်။ သူက တကယ်ကို ဝင်ချတာလေ။ ဒါ ကျနော်တို့ဘက်က နိုင်သွားလို့သာ ဒီလိုအခြေအနေမျိုး ဖြစ်သွားတာပေါ့။ မတော်တဆ အဲဒီအချိန် တုန်းက မနိုင်ခဲ့ဘူးဆိုရင် အခုအချိန် ဘယ်လိုဖြစ်သွားမလဲ။ ဒါကြောင့် သူ့ကိုတော့ ကျနော်တို့ တမျိုးစဉ်းစားမယ်။ ဒီအချိန်မှာ မစဉ်း စား သေးဘူး။ ဒီအချိန်မှာ မင်းနဲ့ မတန်သေးဘူးလို့ ပြောရမှာပေါ့။ ဒီစကားဝိုင်းနဲ့ မင်းနဲ့ မတန်သေးဘူး။ မင်းခဏနေဦး ဒီမှာ ငါတို့မောင်နှမတွေ အရင်လုပ်လိုက်ဦးမယ်။ ပြီးတော့မှ မင်းကို ငါတို့စဉ်းစားမယ်။
သူတို့ကတော့ မဟုတ်ဘူး၊ အကုန်လုံးခေါ်ပါလို့ ပြောတာပေါ့။ သူတို့နှစ်ယောက်ကလည်း ခင်ဗျားတို့နှစ်ယောက်ကို တခါတည်း ခေါ်ပါလို့ ပြောတာပေါ့။ အဲဒီတော့ ကျနော်က သူတို့ကိုပြောပြတယ်လေ။ ခဏ နေဦး မတူဘူး။ သူကငါ့ကို အပြင်မှာရိုက်သွားတာ။ ငါက သူ့ကို ဘယ်လိုလုပ် စကားပြောလို့ရဦးမလဲ။ လောလောဆယ် ခဏလေးနေဦး။ ခင်ဗျားတို့နဲ့ ကျနော်တို့ အရင်လုပ်ကြည့်ရအောင်၊ ပြီးတဲ့ အခါတော့ ခေါ်မယ်။ ခေါ်တော့ ခေါ်မယ်။ ငြိမ်းချမ်းရေးဆိုတာ အကုန်လုံးပြီးသွားမှ ပြီးမှာလေ။ တယောက်တလေ ကျန်နေလို့မရဘူး လေ။ ဒီအချိန်မှာတော့ ခဏတော့ နေဦး၊ ဒီသဘောပါ။
မေး။ ။ တကယ်တော့ တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ဆိုလို့ှရှိရင် သင်ပုန်းချေလိုက်ဖို့ မဖြစ်နိုင်ဘူးလားဗျ။
ဖြေ။ ။ သင်ပုန်းချေဖို့ဆိုတာကတော့ တချို့ကိစ္စတွေမှာ ဖြစ်နိုင်သလို တချို့ကိစ္စတွေမှာက မဖြစ်နိုင်ဘူး။ အချိန် အကန့်အသတ် အတိုင်း အတာ တခုအထိတော့ ရှိရမှာပေါ့။
မေး။ ။ လောလောဆယ်မှာတော့ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်ဆောင်ရွက်နေတယ်။ ဒါပေမယ့် အစိုးရသစ်လက်ထက်မှာ ရောက်သွားလို့ရှိရင် ကိုယ့်ရဲ့ကဏ္ဍက ဘယ်လိုအခြေအနေရှိမလဲ။
ဖြေ။ ။ အဲဒါကတော့ တပ်မတော်က ကျနော့်ကို တာဝန်ပေးတဲ့ အပေါ်မှာ မူတည်တာပေါ့။ အခုကတော့ တပ်မတော်က ကျနော့်ကို တာဝန်ပေးထားတာပေါ့။ မင်းဝိုင်းလုပ်ပေးဆိုတော့ ကျနော်ဝိုင်းလုပ်ပေးတယ်လေ။ အစိုးရသစ်တက်လာတဲ့ အချိန်ပေါ့နော်။ မနက်ဖြန်ပဲဖြစ်ဖြစ် သန်ဘက်ခါပဲဖြစ်ဖြစ် ဟေ့ကောင်ခင်ဇော်ဦး မင်းမလိုတော့ဘူးဆိုလို့ရှိရင်လည်း ကျနော် အိမ်ပြန်နေရုံပဲပေါ့။ လုပ်ချင်လို့လည်း လုပ်လို့ရတာ မဟုတ်ဘူးလေ။ တာဝန်ပေးရင်တော့ ကျနော်တို့လုပ်မှာပေါ့။
မေး။ ။ ပုဂ္ဂလိကဘဝမှာရော ဘယ်လိုရပ်တည်သွားဖို့ရှိလဲ။ ငြိမ်းချမ်းရေးကိစ္စတွေကိုရော ဆက်လုပ်သွားဖို့ရှိလား။
ဖြေ။ ။ ပုဂ္ဂလိကဘဝကျတော့ အငြိမ်းစားလေ။ အငြိမ်းစားလစာနဲ့ ကျနော်နေမှာပေါ့။ ကျနော့်ကို တာဝန်မပေးရင်တော့ ကျနော် ဘာ မှ မလုပ်ဘူး။ ကျနော်တို့က တပ်မတော်သားလေ။ တပ်မတော်က မွေးဖွားကြီးပြင်းလာပြီးတော့ ဒီအရွယ် ရောက်လာတာလေ။ ဆိုတော့ တပ်မတော်က တာဝန်ပေးရင် ကျနော်လုပ်မယ်။ တပ်မတော်က ကျနော့်ကို တာဝန် မပေးတော့ဘူးဆိုရင် ကျနော် မလုပ် ဘူး။ ကျနော်တို့က စစ်သားဆိုတော့လေ။ ကျနော့်မှာ Commander တယောက်ပဲရှိတယ်။ Commander က ဘယ်သူလဲ တပ်မတော် ပေါ့။ တပ်မတော်က ခိုင်းရင် ကျနော်လုပ်မယ်။ တပ်မတော်က မခိုင်းရင် ကျနော်မလုပ်ဘူး။ ။