တောင်တရုတ်ပင်လယ်နှင့်ထိစပ်နေသည့်သက်ဆိုင်ရာနိုင်ငံအသီးသီးတို့အနေဖြင့် တောင်တရုတ် ပင်လယ်အတွင်း လာရောက်ကင်းလှည့်မည်ဆိုပါက အမေရိကန်က ကြိုဆိုကြောင်း အမေရိကန် ပစ္စဖိတ်ရေတပ်ဌာနချုပ်(PACOM)၏ အကြီးအကဲ ဟာရီ ဟဲရစ် ကပြောဆိုလိုက်ပါတယ်။
“တောင်တရုတ်ပင်လယ်က နိုင်ငံတကာရေပြင်ပိုင်နက်နဲ့ လေပိုင်နက်မှာ တခြားနိုင်ငံတွေက လာပြီး ကင်းလှည့်မယ်ဆို ကျနော်တို့ ကြိုဆိုတယ်”လို့ ဟဲရစ်က ဆိုလိုက်ခြင်းဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ ထွက်ရှိတယ်လို့ ယုံကြည်ရတဲ့ စပတ်တလီကျွန်းစုများ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ဘရူနိုင်းစတဲ့နိုင်ငံတွေအကြားမှာ အငြင်းပွားမှု များဖြစ်ပွားနေပါတယ်။
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်က လေယာဉ်တွေဆင်းသက်နိုင်တဲ့ လူလုပ်ကျွန်း ရေတပ်စခန်းတခု တည်ဆောက်ကာ ရေဒါများ ချထားစောင့်ကြည့်ပြီးတဲ့နောက်မှာ အမေရိကန်က ဒီလိုပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
အမေရိကန် ပစ္စဖိတ်ရေတပ်ဌာနချုပ်(PACOM)၏ အကြီးအကဲ ဟာရီ ဟဲရစ် ကတော့ ဒီလို ကင်း လှည့်တာဟာ အရေးကြီးတဲ့ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကို ကာကွယ်တာဖြစ်တယ် လို့လည်း ဆိုလိုက်ပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဟာရစ်က ဒီဒေသအတွင်းမှာ လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်ရေး အမေရိကန်ရေတပ်အနေနဲ့ တိုးမြှင့်လုပ်ဆောင်မယ်လို့ ဆိုကာ တရုတ် ရေတပ်စခန်းအနီးက စစ်သင်္ဘောတွေ ဖြတ်သန်းခဲ့ပါသေးတယ်။