နာမည်ကျော် ဂျာမန်ဘီယာ ၁၄မျိုးမှာ ကင်ဆာဖြစ်စေတဲ့ Glyphosate ပေါင်းသ တ်ဆေး တမျိုး ပါဝင်တာကို တွေ့ရှိတယ်လို့ မြူးနစ် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဌာနကဆိုကြောင်း ဂျာမန်သတင်း ဌာနဖြစ်တဲ့ DW မှာဖော်ပြထားပါတယ်။
နိုင်ငံတဝှမ်းရှိ နာမည်ကြီးဘီယာများဖြစ်တဲ့ Paulaner ၊ Hasseroeder ၊ Erdinger နဲ့ Franziskaner စတဲ့ ဘီယာ ၁၄မျိုးကို ရွေးချယ်ပြီး Glyphosate ပိုးသတ်ဆေး ပါဝင်နှုန်းကို စမ်းသပ်ရာ ဘီယာ ၁လီတာမှာ အမြင့်ဆုံး အဆင့် ၂၉.၇၄ မိုက်ခရိုဂရမ် ပါဝင်နေတယ်လို့ သိရပါတယ်။
ဘီယာကို ရေ၊ မုယောစပါး၊ တဆေးတို့ကနေ ထုတ်လုပ်တာဖြစ်ပြီး၊ မုယောစပါးခင်းများမှာ ပေါင်းသတ်ဆေး အဖြစ် သုံးစွဲကြတာကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် ဂျာမန် DBV စိုက်ပျိုးရေးဖက်ဒရေးရှင်းကတော့ ဒီလိုပြောဆိုမှုကို ငြင်းဆိုခဲ့ပါတယ်။
အလားတူ ဂျာမန်ဘီယာ ကုမ္ပဏီကြီးဖြစ်တဲ့ Anheuser-Buschကလည်း ဒီလို ပြောဆိုမှုတွေဟာ ယုတ္တိမရှိဘူး လို့ဆိုလိုက်ပြီး ပါဝင်မှုပမာဏဟာ စားသုံးသူတွေကို မခြိမ်းခြောက်နိုင်ပါဘူးလို့ ဆိုလိုက်ပါတယ်။
Glyphosate ကို အမေရိကန်စိုက်ပျိုးရေး ကုမ္ပဏီကြီးဖြစ်တဲ့ Monsanto အပါအဝင် ကမ္ဘာတဝှမ်းက စိုက်ခင်း တွေမှာ ပေါင်းသတ်ဆေးအဖြစ်အသုံးပြုလျှက်ရှိပြီး၊ ရေမှတဆင့်ပျံနှံနိုင်ကာ သုံးစွဲမိသူများအနေဖြင့် ကျောက်ကပ်ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လက နိုင်ငံတကာ ကင်ဆာသုတေသနဌာနတခုက တိရစ္ဆာန်တွေ၊ ဆဲလ်၊ တစ်ရှုးတွေကို အခြေခံစမ်းသပ်စစ်ဆေးရာမှ Glyphosate ပေါင်းသတ်ဆေးဟာ လူတွေကို ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်လို့ ကောက်ချက်ချခဲ့တယ်။
ဂျာမန် ဂရင်းပါတီမှ Martin Häusling ကတော့ EU အဖွဲ့ကြီးအနေနဲ့တော့ ဒီပေါင်းသတ်ဆေးကို လာမည့် ၁၅နှစ်အထိ သုံးစွဲဖို့ အတည်ပြုဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။