ကိုရီးယားနိုင်ငံ Sookmyung အမျိုးသမီး တက္ကသိုလ်တွင် ပန်းချီပညာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ရရှိခဲ့သူ ပန်းချီဆရာမ ရွှေစင်အေး သုတေသနပြု ရေးသားထားတဲ့ Thesis တစောင် ထွက်ရှိလာပါတယ်။ ယင်း စာအုပ်ထဲမှာ ၂၀၁၀ ကနေ ၂၀၁၆ ခုနှစ် သူမ ပညာသင်ယူစဉ် ကာလအတွင်း ရေးဆွဲဖန်တီးခဲ့တဲ့ ပန်းချီ ကားပေါင်း ၁၀၀ နီးပါး ပါဝင်ပြီး အဆိုပါ ပန်းချီလက်ရာများကို သုတေသနပြု ရေးသားထားတဲ့ စာမျက်နှာ ၁၂၀ ရှိ Thesis နဲ့ ဒေါက်တာတာဘွဲ့ ယူခဲ့တာ ဖြစ်ပါတယ်။ ယင်းစာအုပ်ကို မြန်မာနိုင်ငံမှာလည်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပန်းချီ ရွှေစင်အေးကို ဖခင်ဖြစ်သူ ရေဆေး ပန်းချီဆရာ ဦးတင်အောင်ထိုက်နဲ့ မိခင်တို့က ၁၉၈၀ ပြည့်နှစ် ဧပြီ ၂၃၊ ရန်ကုန်မှာ မွေးဖွားပါတယ်။ သူဟာ ၁၉၉၈ ကနေ ၂၀၀၂ ခုနှစ် အထိ အမျိုးသား ယဉ်ကျေးမှုတက္ကသိုလ် (National University of Culture) မှာ တက်ရောက်ခဲ့ပြီး Fine Art နဲ့ B.A ဘွဲ့ရရှိခဲ့ပါတယ်။ သူ့အနေနဲ့ ငယ်ငယ်ကတည်းက ပန်းချီနဲ့ လက်ပွန်းတတီး ရင်းနှီးခဲ့တယ်လို့ ဆိုရမှာပါ။ ဖခင်ဖြစ်သူ Outdoor တွေ ရေးတဲ့အခါမှာ သူလည်း လိုက်ပါသွားပြီး ကြည့်ရှုလေ့လာခွင့် ရခဲ့တာကြောင့် ပန်းချီ ဖန်တီးရေးဆွဲမှုနဲ့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ ၁၀ တန်း အထိ ဖခင်ဖြစ်သူက ကျောင်းစာမှာ နောက်ကျသွားမှာ စိုးရိမ်တာကြောင့် ပန်းချီရေးဆွဲမှုကို သင်ကြား မပေးဘဲ သူ ၁၀ တန်းအောင်ပြီး ယဉ်ကျေးမှုတက္ကသိုလ် ဆက်တက်တဲ့ အခါကျမှ ဖခင်က သင်ပေးတာလို့ သိရပါတယ်။
ပန်းချီဆရာမ ရွှေစင်အေးရဲ့ အနုပညာဖန်တီးမှု၊ ကိုရီးယား ပညာသင် အတွေ့အကြုံ၊ မြန်မာပြည်ပြန်ရောက်ရင် ဆက်လက် လုပ်ဆောင်မယ့် လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဧရာဝတီ ကော်ပီ အယ်ဒီတာ နိုင်စွမ်းက မေးမြန်းထားပါတယ်။
မေး။ ။ အခု လုပ်မယ့် ပြပွဲက ဘယ်နှကြိမ်မြောက် တကိုယ်တော် ပြပွဲဖြစ်မလဲ။
ဖြေ။ ။ ၆ ကြိမ်မြောက် တကိုယ်တော်ပြပွဲပါ။ ပထမကတော့ မြန်မာမှာ မတ်လ ၂၆ မှာ ၆ ကြိမ်မြောက် ပြပွဲလုပ်ဖို့ စီစဉ်ထားတာပါ။ အခုကျတော့ ဒီပွဲပြီးမှပဲ မြန်မာမှာ ၇ ကြိမ်မြောက် လုပ်ဖြစ်ပါမယ်။ ကိုရီးယားမှာ ၅ ကြိမ်၊ မြန်မာမှာ တကြိမ်ပဲ ရှိပါသေးတယ်။ ပထမဆုံး အကြိမ်ပြပွဲက ၂၀၁၃ ခုနှစ် ကိုရီးယားဆိုးလ်မြို့ ချောင်းဖာ Gallery မှာ လုပ်ခဲ့တာပါ။ ပန်းချီပညာရပ်နဲ့ မစတာဘွဲ့ ယူဖို့ ပထမဆုံး လုပ်ခဲ့တဲ့ပြပွဲလေးပါ။ အဲဒီ ၂၀၁၃ မှာပဲ ဒုတိယနဲ့ တတိယ အကြိမ်မြောက် တကိုယ်တော်ပြပွဲတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။ ပထမအကြိမ် လုပ်ခဲ့တဲ့ပြပွဲမှာ ပန်းချီကားတွေမြင်ပြီး Gallery တချို့က ဖိတ်ခေါ်ခဲ့တာပါ။ ၂၀၁၄ မှာတော့ မြန်မာနိုင်ငံမှာ Happiness Flowers အမည်နဲ့ 65 Gallery မှာ ပြပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာမှာလုပ်ခဲ့တဲ့ပွဲက ၄ ကြိမ်မြောက် ပါ။ ၅ ကြိမ်မြောက် ပြပွဲကို ကိုရီးယားနိုင်ငံ စောဟိုပြခန်းမှာ ၂ ပတ်ကြာ ပြသခဲ့ပါတယ်။ အခု ဒီပြပွဲက ပါရဂူဘွဲ့ အတွက် လုပ်ရတဲ့ပွဲပါ။
မေး။ ။ ပထမဆုံး အကြိမ်ပြပွဲနဲ့ အခု လက်ရှိ အခြေအနေ ပန်းချီရေးဆွဲ ဖန်တီးမှု ဘာတွေ ကွာခြားသွားတယ်လို့ ထင်ပါသလ။ဲ
ဖြေ။ ။ ဖန်တီးမှုတွေကတော့ ဆက်တိုက်လုပ်နေတော့ အရင်က လက်ရာတွေနဲ့ မတူတဲ့ အသစ်တွေပိုများလာတယ်၊ ပိုမိုအားကောင်းလာတယ်။ အခုကားတွေက အရင်က Energy များတဲ့ ကားတွေ ဆွဲဖြစ်ပေမယ့် အခုက ပိုမိုပြီး အာရုံစူးစိုက် တည်ငြိမ်စွာနဲ့ ဖန်တီးဖြစ်တယ်။
မေး။ ။ ကိုရီးယား အပြင် တခြား ဘယ်နိုင်ငံတွေ ရောက်ဖြစ်သေးလဲ၊ အနုပညာ ဖန်တီးမှုတွေ လေ့လာ ဖြစ်သေးလဲ။ မြန်မာနိုင်ငံနဲ့ ဘာတွေ ကွာခြားလဲ၊ အထူးသဖြင့် အနုပညာ တိုးတက်မှုနဲ့ ဖန်တီးမှုတွေအပေါ် ကိုယ်ပိုင် အမြင်နဲ့ နှိုင်းယှဉ် ပြောပြပေးပါလား။
ဖြေ။ ။ ကိုရီးယားအပြင် ရောက်ဖူးတာတော့ အိမ်နီးချင်းနိုင်ငံ ထိုင်းပဲ ရောက်ဖူးပါတယ်။ ကိုရီးယားနိုင်ငံမှာ ၆ နှစ် နီးပါး အနုပညာ ဖန်တီးမှုတွေ လေ့လာခွင့်ခဲ့ပါတယ်။ ကိုရီးယားက အနုပညာနဲ့ ပတ်သက်လို့ အရမ်း အားပေးတဲ့ နိုင်ငံဖြစ်လို့၊ နိုင်ငံတကာ ပြပွဲကြီးတွေ ခဏခဏပြလို့ နိုင်ငံပေါင်းစုံရဲ့လက်ရာတွေ အမြဲလေ့လာခွင့်ရခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အနုပညာ ဖန်တီးမှုတွေ အဆက်မပြတ် လေ့လာခွင့်ကို ကိုရီးယားအစိုးရက အင်တိုက်အားတိုက်လုပ်ပေးတယ်။ ကမ္ဘာကျော် လက်ရာ တွေဆို ကလေးတွေက အစ မြင်ဖူး ထိတွေ့ခွင့်ရတဲ့ နိုင်ငံ။ အဲ့ဒါကြောင့် သူတို့နိုင်ငံရဲ့ လက်ရာဖန်တီးမှု အားတွေ ပိုကောင်း ပြီး ပိုမိုတိုးတက်တာ တွေ့ရတယ်။ အဓိက ကတော့ အနုပညာထိတွေ့မှု အားကောင်းအောင် လုပ်ပေးထားတဲ့ နိုင်ငံ ဖြစ်နေလို့။ မြန်မာပြည်မှာလည်း ဒီလိုမျိုးတွေ လုပ်ပေးနိုင်မယ်ဆိုရင် အနုပညာ တိုးတက်တဲ့ နိုင်ငံဖြစ်လာမှာပါ။ အရင်ဆုံး နိုင်ငံသားတိုင်းကို အနုပညာချစ်တဲ့ စိတ်နဲ့ အနုပညာ အနီးကပ် ထိတွေ့ခွင့်တွေ ပညာပေး ကြိုးစားလုပ်ဆောင်သင့်တယ် ထင်ပါတယ်။ များများ ထိတွေ့ခွင့်ရရင် မြန်မာပန်းချီ တိုးတက်လာမှာပါ။ ညီမ အမြင် ပြောရရင် အခုမြန်မာပန်းချီ လောကမှာ ဖန်တီးမှုအပိုင်းမှာ အနည်းစု ပန်းချီဆရာများသာ ရှိနေပါသေးတယ်။ အများစုက ဆင်တူ ဆင်တူတွေ များနေ သေးတယ်။ အနုပညာ အားပေးတဲ့ အစိုးရနဲ့ အင်တိုက်အားတိုက် ကြိုစားအားထုတ်ကြမယ့် ပညာရှင်တွေ သိပ်မကြာခင် တိုးတတ် ပြောင်းလဲ လာမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။
မေး။ ။ Artwork တခု ဖန်တီးဖို့ ဘယ်လို ပြင်ဆင်ပါသလဲ။
ဖြေ။ ။ ကျမ အနေနဲ့ ပန်းချီရေးဆွဲတဲ့ စတူဒီယိုခန်းထဲမှာ ဆိုရင် ဆွဲချင် ရေးချင်စိတ်က အမြဲလိုလို ရှိနေတတ်ပါတယ်။ တခြားနေရာ အပြင်မှာတော့ ဆွဲချင်စိတ် ဖြစ်ချင်မှ ဖြစ်တာပါ။ ကင်းဗတ်၊ ဆေး၊ စုတ်တံ အဆင်သင့် ဖြစ်နေချိန်၊ တယောက်တည်း ရှိနေချိန်မျိုးမှာ ကျမ ဘာကို ရေးဆွဲချင်တာလဲ ဆိုတာ စိတ်မှာ ဖြစ်လာတဲ့ အခါ ရေးဆွဲဖြစ်လေ့ ရှိပါတယ်။ ဘာဆွဲမလဲ ဆိုတာထက် အဲဒီအချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို စုစည်းတယ်၊ အဲဒီ ခံစားမှု အတိုင်း ရေးဆွဲ ဖြစ်ပါတယ်။ ပန်းချီဆွဲနေတဲ့ အချိန်မှာ တခါတလေ ပျော်ရွှင်နေရင် ကခုန်ပြီးလည်း ဆွဲတတ်တယ်ရှင့်။ သီချင်းလည်း ကြိုက်တတ်တော့ မြူးကြွတဲ့ သီချင်းတွေ ဖွင့်ထားပြီးတော့လည်း ရေးဆွဲတတ်ပါတယ်။
မေး။ ။ တကယ်လို့ ဝမ်းနည်းစရာ စိတ်ခံစားမှုတွေ စိတ်မှာဖြစ်လာလို့ ရေးဆွဲရင်ရော ပန်းချီကားတွေက ဘယ်လို ဖြစ်လာမလဲ။
ဖြေ။ ။ ဝမ်းနည်းစရာ စိတ်ခံစားမှုနဲ့ ပန်းချီရေးဖြစ်ရင်လည်း အဲဒီ ဝမ်းနည်းတဲ့ စိတ်ခံစားမှုကို ဖော်ပြတဲ့ ပန်းချီကားတွေ ဖြစ်လာမှာပါရှင့်။ အဲဒီလို ကားတွေလည်း ဆွဲခဲ့ဖူးပါတယ်။
မေး။ ။ မြန်မာ Artist မှာ ဘာတွေ လိုအပ်ချက် ရှိနေမလဲ။ ကိုယ့်ရဲ့ အတွေ့အကြုံအရ ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ ဆိုတာ အကြံပြုစကား ပြောပေးပါလား။
ဖြေ။ ။ တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ ပန်းချီကားတွေကို အင်တာနက်က ကြည့်နိုင်နေပါပြီ။ လေ့လာလို့ ရနေပြီ။ ဆွဲနေကျ ပုံစံတွေချည်း ဆွဲမနေဘဲ နိုင်ငံတကာမှာ ဘာတွေ လုပ်နေသလဲ၊ ဆိုတာ အင်တာနက်ကနေပြီး ကြည့်ရှုလေ့လာ သင့်ပါတယ်။ ကိုယ့်ဖန်တီးမှုအတွက် အထဲမှာချည်းပဲ စိတ်ကို မထားဘဲ အပြင်က တခြားနိုင်ငံတွေက လူတွေ ဘာတွေ ဘယ်လို လုပ်နေကြတယ် ဆိုတာ လေ့လာစေချင်ပါတယ်။ ပြပွဲတွေလည်း ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံတွေ အထိ သွားရောက်ပြသဖို့ လုပ်စေချင်ပါတယ်။
မေး။ ။ ကိုရီးယားမှာ တွေ့ကြုံရတဲ့ အခက်အခဲတချို့ အကြောင်းလည်း ပြောပြပါဦး။
ဖြေ။ ။ ကိုရီးယားမှာ ကြုံတွေ့ရတဲ့ အခက်အခဲ တချို့ဆိုရင်တော့ အစပိုင်းမှာတာ့ ဘာသာစကား မကျွမ်းကျင်မှုကြောင့် အတန်းထဲမှာ အမြဲသူငယ်ချင်းတွေရဲ့ အကူအညီ ယူခဲ့ရတယ်။ နောက်တခုက ကိုရီးယားတက္ကသိုလ်က အတန်းတွေက ကျောင်းထဲမှာ အမြဲ မလုပ်ဘူး၊ ပြင်ပမှာ မကြာခဏ လုပ်တယ်၊ ပန်းချီပြတိုက် နေရာမျိုး ပြခန်းတွေ သွားတာမျိုး အဲ့ဒီအခါ ကျရင် ကျောင်းက ပို့ပေးတာမျိုး မဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရတော့ မကြာခဏ လမ်းမှားပြီး မသွားတတ်တော့တာ ခဏခဏ ကြုံတယ်။ သူငယ်ချင်းတွေက ကိုယ်ပိုင်ကားတွေနဲ့ ဆိုတော့ အဆင်ပြေကြတယ်။ ကျောင်းမှာက နိုင်ငံခြားသား ကျောင်းသူ ဆိုလို့ ကိုယ်ပဲ ရှိနေတော့ သွားရေးလာရေး ခက်ခဲမှုရှိတယ်။ နောက်တခုက ကျောင်းမှာ ပန်းချီပညာရပ်နဲ့ ပတ်သက်ပြီး စာတမ်း မကြာခဏ ဖတ်ရတယ်။ စကားပြော အသံက အရမ်းဝဲတော့ ကိုရီးယားအသံ ပီပီသသ မဟုတ်တော့ ဆရာတွေကို အားနာမိတယ်။
မေး။ ။ အနုပညာသမား တဦးအတွက် ဘာသာစကား တတ်ကျွမ်းဖို့ မလိုဘူးလို့ လူငယ်ပန်းချီဆရာမ တဦးက အင်တာဗျူးတခုမှာ ပြန်ဖြေထားတာ ရှိပါတယ်။ အဲဒီအပေါ် လူငယ် အနုပညာရှင်တဦး အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ အနုပညာသမား တဦးအတွက် ဘာသာစကား တတ်ကျွမ်းဖို့ မလိုဘူးလို့ ပြန်ဖြေထားတဲ့ ဆရာမကို ဘာမှ မဝေဖန်လို ပါဘူး။ သူလည်း သူ့ အယူအဆနဲ့ သူမို့ အဲဒီလို ဖြေတာ ဖြစ်ပါလိမ့်မယ်။ အယူအဆတွေက လူတိုင်း မတူနိုင်ဘူးလေ။ ကျမအမြင်ကတော့ ပန်းချီအနုပညာကို ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ ဆိုရင်တော့ ဘာသာစကားရဲ့ အသုံးဝင်မှုက အရမ်း အရေးပါပါတယ်။ နိုင်ငံပေါင်းစုံ ပန်းချီပညာရှင်တွေ တွေ့ဆုံမှုပွဲတွေမှာ ဘာသာစကား ကျွမ်းကျင်မှုကြောင့် နိုင်ငံမတူတဲ့ အနုပညာရှင်တွေ အနုပညာသတင်း ပညာရပ်ဆိုင်ရာတွေ အလွယ်တကူ ဖလှယ်နိုင်ပီး မိတ်ဆွေသစ်တွေလည်း တိုးပွားနိုင်တယ်၊ ပန်းချီအနုပညာရှင်ဆိုတာ ကိုယ်အနီးအနားလောက်ပဲ မကြည့်သင့် ပါဘူး။ အဝေးကို သူများထက် မြင်အောင်ကြည့်ဖို့ လိုပါတယ်။
ကျမရဲ့ ကိုယ်တွေ့လေး တခု ပြောပြပါမယ်။ ကိုရီးယားမှာ ပြပွဲလုပ်တော့ ပြပွဲလာကြည့်တဲ့ ထိုင်ဝမ်က အမျိုးသမီးကို ကိုယ်တတ်တဲ့ တရုတ်စကားနဲ့ ပန်းချီကားတွေအကြောင်း ရှင်းပြခဲ့တဲ့အတွက် အရမ်းသဘောကျပြီး ပန်းချီကား ဝယ်ယူသွားဖူးပါတယ်။ ဘာသာစကား တတ်ကျွမ်းမှုဟာ ကျမ အတွက်တော့ တအားအသုံးဝင်တဲ့ ပညာရပ်ပါ။
မေး။ ။ မြန်မာပြည် ပြန်ရောက်ရင် ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်တွေ အကြောင်းလည်း သိချင်ပါတယ်။
ဖြေ။ ။ မြန်မာပြည် ပြန်ရောက်ရင် ဆက်လက် လုပ်ဆောင်မယ့် အစီအစဉ်တွေက အများကြီးပဲ။ ညီမတတ်ထားတဲ့ ပညာကို ပြန်ဖြန့်ဝေဖို့က အဓိက။ ပြန်ဖြန့်ဝေပေးနိုင်ဖို့ ကျောင်းရှိဖို့ လိုတယ်။ ညီမကို လက်ခံနိုင်မယ့် ကျောင်းပေါ့နော်။ ဒါမှမဟုတ် ကိုယ်ပိုင်ကျောင်း ထောင်ဖို့ ကိုယ်ပိုင်ကျောင်းကတော့ ငွေအင်အားနဲ့ ပံ့ပိုးမှုတွေ ရှိမှ ဖြစ်မှာ။ နောက်တခုက ညီမ အရင်ကတည်းက ရည်မှန်းထားတဲ့ ပန်းချီပညာရပ်ဆိုင်ရာ စာကြည့်တိုက်လေးလုပ်ဖို့ပါ။ ပြီးတော့ ပန်းချီပညာရပ် ဆိုင်ရာ ဘာသာပြန်စာအုပ်တွေနဲ့ ကိုယ်ပိုင်စာပေတွေ ရေးသားနိုင်ဖို့ ကြိုးစားမှာပါ။ အခုထုတ်ဖြစ်မယ့် စာအုပ်ကတော့ ကျမ ဒေါက်တာဘွဲ့ ရခဲ့တဲ့ ကျမ သုတေသနပြုရေးသားထားတဲ့ စာတမ်းကို မြန်မာဘာသာ ပြန်ပြီး ထုတ်မှာပါ။
လက်ရှိ မြန်မာပန်းချီ လောကထဲက ဆရာတွေနဲ့ ပူးပေါင်းပြီး မြန်မာပန်းချီလောက ပိုတိုးတက်အောင် စာတမ်းဖတ်ပွဲမျိုး၊ Art festival ကျင်းပမှု မျိုး၊ တဦးနဲ့ တဦးအနုပညာအမြင် ဖလှယ်ပွဲတွေ။ နောက်ပြီး ကျမ တတ်မြောက်ခဲ့တဲ့ ကိုရီးယား ဆွန်မြွန်း တက္ကသိုလ်နဲ့ မြန်မာပြည်က ပန်းချီပညာရှင်တွေ ချစ်ကြည်ရေး ပန်းချီပြပွဲတွေ ကျင်းပနိုင်အောင် ကြိုးစာသွားမယ်။ ပန်းချီ ဆွဲခြင်းကိုတော့ ဆက်တိုက် လုပ်နေမှာဖြစ်ပီး တနှစ်တခါလောက် ပြပွဲလုပ်ဖြစ်အောင်ကြိုးစားနေမှာပါ။