Ethnic Issues

ကချင်ဘိန်းခင်းဖျက်သူများ အိမ်ပြန်မည်

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်၊ အထူးဒေသ(၁)အတွင်း ဒေသခံဘိန်းခင်းပိုင်ရှင်များနှင့် ပြည်သူ့စစ်များ တိုက်ခိုက်ခြင်း ကို ခံခဲ့ရသည့် ကချင်ပြည်နယ်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan )ဝင်များ မှာ လုံခြုံရေး မရှိသဖြင့် နေရပ်အသီးသီးသို့ ဖေဖော်ဝါရလ ၂၈ ရက်တွင် ပြန်မည်ဟု သတင်းရရှိသည်။

ဖားကန့်မြို့နယ် (Pat Jasan ) ခေါင်းဆောင် ဦးဂျာလ က “ ကျနော်တို့အဖွဲ့အနေနဲ့ကြည့်ရင် ပြည်နယ်အစိုးရ ပေးတဲ့ လုံခြုံရေးက မလုံလောက်တဲ့ အနေအထားဖြစ်ပါတယ်။ တပ်မတော်ကနေ ကာကွယ်ပေးမှ ကျနော်တို့ ဒီလုပ်ငန်းကို ဆက်လုပ်လို့ရမှာ ဖြစ်ပါတယ်။ တပ်မတော်က ကာကွယ်မယ့် အခြေအနေ အခု မတွေ့ ရသေးလို့ စခန်းသိမ်းပြီး ကိုယ့်ဒေသကိုယ် ပြန်ကြမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် Pat Jasan အဖွဲ့ဝင် လူဦးရေ ၂၀၀၀ ကျော် တို့မှာ ပဋိပက္ခဖြစ်ရာ ဝေမိုးရွာမှ နောက်ဆုတ် လာပြီး ဆဒုံးမြို့နယ်၊ ဆနာကျေးရွာအုပ်စု အနီးတွင် စခန်းချထားခဲ့သည်။

ပြည်သူ့စစ်တပ်ဖွဲ့များ၊ နယ်ခြားစောင့်တပ်များ ရှိရာ အထူးဒေသ (၁) အတွင်းရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် သွားရောက်ခဲ့သဖြင့် ဖေဖော်ဝါရီ ၂၅ ရက်တွင် အဖွဲ့ဝင် ၃၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

Pat Jasan အဖွဲ့မှာ ၎င်းတို့အနေဖြင့် အထူးဒေသ (၁) အတွင်းရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် မလာခင် ကလည်း ကချင်ပြည်နယ်အစိုးရ၊ နယ်လုံဝန်ကြီးနှင့် ရဲမင်းကြီးတို့၏ သဘောတူညီမှုဖြင့် ထွွက်လာခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ဆက်လက်၍ ဦးဂျာလက “ကျနော်တို့ မနက်စာစားပြီး ကိုယ့်ဒေသကို ကိုယ်ပြန်ကြပါမယ်။ တပ်မတော် မပါပဲနဲ့တော့ ကျနော်တို့ လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေပါ” ဟု ပြောသည်။

Pat Jasan အဖွဲ့ကို တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် Pat Jasan ခေါင်းဆောင်များနှင့် ကချင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက မြစ်ကြီးနားမြို့၊ ပြည်နယ် ရဲမင်းကြီးရုံးတွင် ဖေဖော်ဝါရီလ ၂၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကွန်ယက် (PCG) မှ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

Pat Jasan အဖွဲ့အနေဖြင့် ဘိန်းခင်းများကို ဆက်လက်ဖျက်ဆီးရန် ကချင်ပြည်နယ်အစိုးရမှ အကူအညီ ပေးရန် တောင်းဆိုခဲ့သော်လည်း ကချင်ပြည်နယ်အစိုးရတွင် ရဲတပ်ဖွဲ့သာ ရှိကြောင်း၊ ရဲတပ်ဖွဲ့အင်အား ဖြင့် အထူးဒေသ (၁) သို့ သွားရန် မလုံလောက်ကြောင်း၊ တပ်မတော် အင်အားကို နိုင်ငံတော်အဆင့် ပြည် ထောင်စု အစိုးရနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တောင်းဆိုကြရန် အကြံပေးလိုက်ကြောင်း သိရ သည်။

ဦးလမိုင်ဂွမ်ဂျာက “သူတို့က နှစ်ထောင်ကျော်တယ်။ အခင်းဖြစ်တဲ့နေရာမှာက လက်နက်ကိုင်တဲ့ သူတွေ၊ ဒေသခံတွေ၊ ဘိန်းစိုက်တဲ့ သူတွေ၊ ပြည်သူ့စစ်တွေရှိနေတော့ အဲ့မှာ အကာအကွယ်မရှိပဲ လမ်းမပေါ်မှာ နေနေရင် စိုးရိမ်စရာရှိတယ်။ဆက်နေရင် သူတို့ ကျန်းမာရေးလည်း ဒုက္ခဖြစ်လာနိုင်တယ်” ဟု လည်း ပြောသည်။

ထို့ကြောင့် Pat Jasan အဖွဲ့အားလုံးတို့မှာ ဖေဖော်ဝါရီလ ၂၈ရက်တွင် စခန်းချထားရာ နေရာမှ ကားများဖြင့် နေရပ်အသီးသီးသို့ ပြန်ကြမည်ဖြစ်ပြီး ဘိန်းခင်းများ ဆက်လက်ဖျက်ဆီးရန် အစိုးရထံမှ အကြောင်း ပြန်မည့် အချိန်ကို ဆက်လက် စောင့်ဆိုင်းကြမည်ဟု သိရသည်။

Pat Jasan အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ အာဏာအလွဲအပြောင်းတွင် ဘိန်းခင်းဖျက်သည့် ကိစ္စဖြင့် ဆူပူမှု ဖြစ်သည်ဟု အမည်တပ်ကာ အခက်အခဲများ ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်ဟုလည်း သိရသည်။

Pat Jasan ၏ ဖြစ်စဉ်များနှင့် ပတ်သတ်၍ မြစ်ကြီးနားခရိုင်၊ ဒုရဲမှူးကြီး လှဝင်းကို ဧရာဝတီမှ မေးမြန်းသော် လည်း ၎င်းအနေဖြင့် အစည်းအဝေးများ ထိုင်နေပြီး မပြီးပြတ်သေးသဖြင့် မဖြေကြားနိုင်သေးပါဟု ပြေသည်။

Pat Jasan မှာ ကချင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ ဘာသာရေးဆရာများ နှင့် အရပ်သားများ အခြေခံပြီး ၂၀၁၄ ခုနှစ် ၊ ဧပြီလတွင် စတင်ဖွဲ့စည်း ခဲ့သည့် အဖွဲ့ဖြစ်သည် Pat Jasan မှ ဘိန်းခင်းများကို လိုက်လံဖျက်ဆီးရာတွင် ဘိန်းခင်းပိုင်ရှင်တို့မှ အဖွဲ့ဝင်များကို တူမီးသေနတ်ဖြင့် ပစ်၍ လူသေဆုံးခြင်း၊ ဓါးဖြင့် အနီးကပ် ခုတ်ရန် ကြံစည်ခံရခြင်းများ ကြုံခဲ့ရသည်။

အဆိုးဆုံကြုံတွေ့ခဲ့ရသည်မှာ ဖေဖော်ဝါရီလ ၂၅ ရက်တွင် အထူးဒေသ (၁) ရှိ ဘိန်းခင်းပိုင်ရှင်များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံးအသေးစားများဖြင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

အထူးဒေသ(၁) သို့ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်စဉ်ကလည်း မြန်မာ့တပ်မတော်က ၈ ရက်ခန့် လမ်းပိတ်ဆို့ထားခြင်းလည်း ခံခဲ့ရသည်။

Loading