ဘိန်းဆိုသည်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား အများအပြားအတွက် ထိခိုက်နစ်နာစရာ တခုဖြစ်သော်လည်း စိုက်ပျိုးသူ တောင်သူများအတွက်မူ ဘဝရပ်တည်ရေး ဖြစ်သည်။
ထိုသို့ ဆန့်ကျင်ဘက်များက ပဋိပက္ခများ ဖြစ်သည့် အချိန်တွင် ပိုမို ပေါ်လွင်လာသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ ၏ ဦးဆောင်မှုဖြင့် ထောင်နှင့်ချီသော ယောက်ျား၊ မိန်းမနှင့် လူငယ်များ စုစည်း၍ ဘိန်းခင်းများကို ဖျက်ဆီးရန် တောတောင်များအတွင်းသို့ ချီတက်သွားကြသည်။ အများစုက ကျည်ကာ ဝတ်စုံများ၊ ခမောက်များ ဝတ်ဆင်ထားသဖြင့် စစ်ပွဲတခုလို ဖြစ်နေသည်။
လွန်ခဲ့သော ၁၅ နှစ်က မြန်မာနိုင်ငံက မူးယစ်ဆေး တိုက်ဖျက်ရေး တာဝန်ရှိသူများ ၂၀၁၄ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို အဆုံးသတ်ဖယ်ရှားပစ်မည့် အစီအစဉ်တခုကို ကြေညာခဲ့သည်။ သိသိသာသာလည်း လျော့ကျသွားခဲ့သည်။ သို့သော်လည်း ကျဆင်းမှုသည် လတ်တလောနှစ်များ အတွင်းတွင် ရပ်တန့်သွားခဲ့ပြီး မြန်မာနိုင်ငံကို ကမ္ဘာပေါ်၌ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာစေခဲ့သည်။ မူးယစ်ဆေး ကင်းစင်ရမည့် ရက်ကိုလည်း ၂၀၁၉ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ရသည်။
မူးယစ်ဆေးသုံးစွဲမှု (အထူးသဖြင့် လူငယ်များကြားတွင်) များပြားလာခြင်းနှင့် အတူ တက်ကြွလှုပ်ရှားသူများက ပြည်နယ်တွင် သြဇာအရှိန်အဝါရှိသည့် အရပ်ဘက်အဖွဲ့ အစည်းတခုဖြစ်သည့် ကချင် နှစ်ခြင်းအသင်းတော်နှင့် ပူးပေါင်း၍ ၎င်းတို့၏ ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ရန် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ (Pat Jasan) ကို ဖွဲ့စည်းခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံးတိုင်းရင်းသား လူမျိုးစုများထဲတွင် တခုဖြစ်သော ကချင် တိုင်းရင်းသား အများစုမှာ ခရစ်ယန် ဘာသာဝင်များ ဖြစ်ကြပြီး မူးယစ်ဆေးဝါးကို တိုက်ဖျက်ရန်အတွက် ကိုးကွယ်ရာ ဘာသာတရား ကို အခြေပြုလှုံ့ဆော်ပေးခဲ့ကြသည်။
လူဦးရေ ၁၃၀၀ ကျော်ပါဝင်သည့် Pat Jasan အဖွဲ့သည် တောင်ကုန်းများကို ကျော်ဖြတ်၍ တပတ်ကျော်သွားခဲ့ရသည်။ လမ်းတလျှောက်တွင် သူတို့က ဘိန်းစိုက်ပျိုးသူများကို သူတို့၏ ဘိန်းခင်းများကို ဖျက်ဆီးရန် စည်းရုံးခဲ့ကြသည်။ သို့မဟုတ် ဖျက်ဆီး မီးရှို့ခဲ့ကြသည်။
ကာလရှည်ကြာစွာ ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများကြောင့် ဒေသတွင်းတွင် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းမှုများရှိနေပြီး ဘိန်းစိုက်ပျိုးမှု ကျယ်ပြန့်ထွန်းကားလာခဲ့ရခြင်း ဖြစ်သည်။ အချို့နေရာများတွင် ကချင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့၏ တော်လှန်ရေးအတွန် ရန်ပုံငွေ ရရှိရန် မူးယစ်ဆေးကုန်သွယ်မှုမှ တဆင့် ရရှိနေခဲ့ကြသည်။ ရပ်လိုက် ဖြစ်လိုက် ဖြစ်နေသော တိုက်ပွဲများကြောင့် ဘိန်းစိုက် ပျိုးမှုကို ချေမှုန်းရန် ၂ဘက်လုံးက လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဘိန်းစိုက်ပျိုးခြင်းသည် တောင်သူ အများအပြားအတွက် အဓိက ဝင်ငွေရရှိသည့် အရင်းအမြစ်ဖြစ်နေသဖြင့် သူတို့က Pat Jasan ၏ လုပ်ဆောင်မှုအတွက် စိတ်မသက်မသာဖြစ် ကြ ရသည်။
Pat Jasan အဖွဲ့ ချီတက်လာသည့် လမ်းတလျှောက်တွင် အကြမ်းဖက်မှုများလည်း ပေါ်ပေါက်ခဲ့သည်။ ဝိုင်းမော် မြို့နယ် အတွင်းမှ ဘိန်းခင်းများကို ဖျက်ဆီးနေစဉ် မောင်းပြန်လက်နက်များ၊ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် အတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Pat Jasan အဖွဲ့ဝင် ၁၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ အစောပိုင်းတွင် အစိုးရက Pat Jasan ကို ဆက်လက်ချီတက်ခြင်း မပြုလုပ်ရန် တားဆီးခဲ့သည်။ လက်နက်ကိုင် ဘိန်းစိုက်သူများ၏ အန္တရာယ်ကြောင့်ဟု သိရသည်။
ပြီးခဲ့သည့် လအတွင်းက ဘိန်းစိုက်တောင်သူတဦးက သေနတ်ဖြင့် ပစ်ခဲ့သည်တွင် ၁၉ နှစ် အရွယ် လူငယ်တဦး သေဆုံးခဲ့ ရပြီး မြေမြုပ်မိုင်းတခုကြောင့် Pat Jasan အဖွဲ့ဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဘိန်းခင်းများကို ဖျက်ဆီးမည့် Pat Jasan အဖွဲ့ကို ကာကွယ်ရန် အစိုးရက ရဲတပ်ဖွဲ့ဝင် အချို့ကို အစောင့်အရှောက် အဖြစ် ထည့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တိုက်ခိုက်ခံရသည့် အချိန်တွင် ထွက်ပြေးသွားခဲ့ကြသည်ဟု အဖွဲ့၏ အတွင်းရေးမှူး ဦးလွမ်ခေါင် (Lum Hkawng) က ပြောသည်။
မူးယစ်ဆေးဝါးကြောင့် ဘဝပေါင်းများစွာ ဆုံးရှုံးပျက်စီးနေ ရသည့် အချိန်တွင် ကျေးလက်ပြည်သူအများစုမှာလည်း ဘဝရပ်တည်ရေး အတွက် ဘိန်းစိုက်ပျိုးမှုပေါ်တွင် မှီခိုနေရသည် ကို စစ်တမ်းများအရ တွေ့ရှိရကြောင်း ကုလသမဂ္ဂက ပြောသည်။
“ဘိန်းစိုက်ပျိုးတာက ဘိန်းက ဆင်းရဲနွမ်းပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ သူတွေ အတွက် စားဝတ်နေရေး အထောက်အပံ့ဖြစ်နေ လို့ပါ” ဟု ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးမှ ဦးထွန်းနေစိုး ကပြောသည်။
ပြီးခဲ့သည့် လအတွင်းက ကန်ပိုက်တီး မြို့နယ်ခွဲ၊ ခန်ဂျု (Hkam Ju) ကျေးရွာမှ ဘိန်းစိုက်တောင်သူများ က Pat Jasan အဖွဲ့ကို အနေဖြင့် ဘိန်းခင်းများကို ဖျက်ဆီးရန်မလိုကြောင်း ဆန်နှင့် အခြားအစားအစာများ ပေးလျှင် ၎င်းတို့ ကိုယ်တိုင် ဖျက်ဆီးမည် ဖြစ်ကြောင်းပြောခဲ့ကြသည်။ Pat Jasan အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သော ဦးတန်ဂွန်း(Tang Gun) က သူတို့တွင် ဆန်ပါ မလာကြောင်း သို့သော်လည်း နောက်ပိုင်းတွင် ပို့ပေးနိုင်ကြောင်း ပြောကြားခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုကို ကချင်နှစ်ခြင်း အသင်းတော် နှင့် ဒေသခံပြည်သူများ၏ ထောက်ပံ့ လှူဒါန်းမှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် လန်ဇာ (Lung Za) ကျေးရွာ၌ Pat Jasan အဖွဲ့ဝင်များက ဘိန်းခင်းများကို ဆက်လက် ဖျက်ဆီးခဲ့ကြ သည်။ “ကျနော်တို့ အားလုံးက ဘိန်းစိုက်ပျိုးမှုနဲ့ လူငယ်တွေ မူးယစ်ဆေးစွဲနေကြတာကို ရပ်တန့်ချင်ကြတယ်။ ကျနော်တို့ရဲ့ အသိုင်းအဝိုင်းကို ဆုံးရှုံးနေရပြီ။ ဒါကြောင့် မူးယစ်ဆေး ထုတ်လုပ်မှုကို ဆန့်ကျင်ဖို့ ကျနော်တို့ လှုပ်ရှားနေကြတာ ဖြစ် ပါတယ်” ဟု ဦးတန်ဂွန်း (Tang Gun) က ပြောသည်။
(The Associated Press သတင်းဌာနမှ Hkun Lat ၏ Grassroots activists in Myanmar on march to destroy poppies ကို ဆီလျော်အောင် ဘာသာပြန်သည်)