ပြည်ထောင်စုလွှတ်တော်တွင် သမ္မတလောင်း၊ ဒုတိယသမ္မတများ ရွေးချယ်ပွဲ မတိုင်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်(CEC) အစည်းအဝေး ကျင်းပရန်ရှိကြောင်း NLD ဗဟိုအလုပ် အမှုဆောင် ဦးညီပုက ပြောသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ၁ ရပ်ကျင်းပခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြောင်း၊ ယင်းအစည်း အဝေး တွင် အဓိက အားဖြင့် ပါတီနှင့်ပတ်သက်သော အကြောင်းအရာများကိုသာ ဆွေးနွေးခဲ့ပြီး ဒုတိယသမ္မတ ၂ ဦး ရွေးချယ်ရေး ကိစ္စ ထည့်သွင်းဆွေးနွေးခြင်းမရှိကြောင်း ဦးညီပုက ပြောသည်။
“မနေ့ (ဖေဖော်ဝါရီ ၂၈ ရက်နေ့) အစည်းအဝေးက အဓိက ပြောဖြစ်ကြတာက ပါတီပိုင်းဆိုင်ရာတွေပါ။ ထွေထွေ ထူးထူး မပါဘူး။ ဒါပေမယ့်လည်း လွှတ်တော်မှာ ဒုတိသမ္မတတွေ ရွေးချယ်မယ့် ရက်မတိုင်မီတော့ NLD CEC အစည်းအဝေး ကျင်းပဖို့ရှိပါတယ်” ဟု ဦးညီပုက ဧရာဝတီသို့ပြောသည်။
လတ်တလော မတ်လ ၁၇ ရက်နေ့ ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်မည်ဟု သတင်းထုတ် ပြန် ထားသော်လည်း အပြောင်းအလဲ ဖြစ်ဖွယ်ရှိနေကြောင်း နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်အသိုင်းဝိုင်းထံမှ သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်နေရာ ၃၃၀ တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၈ နေရာတွင် ၁၃၅ နေရာ အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော်က ရွေးချယ် ရ မည့် ဒုတိသမ္မတ ၁ ဦး နှင့် အမျိုးသားလွှတ်တော်က ရွေးချယ်ရမည့် ဒုတိယသမ္မတ ၁ ဦး ရွေးချယ် တင်မြှောက် ခွင့်ရရှိထားသည်။