တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား တိုးချဲ့ရန်နှင့် ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးတို့အတွက် ကမ္ဘာ့ဘဏ်က ချေးသည့် အမေရိကန် ဒေါ်လာသန်း ၄၀၀ ကို ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း နေပြည်တော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပြောသည်။
ချေးငွေ အားလုံးမှာ အတိုးမဲ့ဖြစ်ပြီး ဝန်ဆောင်ခ ဝ.၇၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၆ နှစ်နှင့် ပြန်ဆပ်ကာလ ၃၂ နှစ် ဖြစ်ကြောင်း၊ ယခု ချေးငွေကြောင့် အိမ် ထောင်စု ၇၅၀၀၀၀ ခန့် လျှပ်စစ်ဓာတ်အား ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးဌာန ဒုတိယ အင်ဂျင်နီယာချုပ် သူရဦးအောင်ဘိုက ဧရာဝတီသို့ ပြောသည်။
ဒုတိယ အင်ဂျင်နီယာချုပ် သူရဦးအောင်ဘိုက“အခု ချေးငွေက လက်ရှိ ဓာတ်အားစနစ်(National Grid)ကနေ ဖြန့်ဖြူးရေး ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံ တွေ တည်ဆောက်ပြီး မီးမရသေးတဲ့ဒေသ၊ ကျေးရွာတွေအတွက် ရည်ရွယ်ပါတယ်။ ဓာတ်အားလိုင်းနဲ့ ၂ မိုင်အတွင်းရှိတဲ့ ကျေးရွာတွေအကုန် မီးလင်းရေး ဆောင် ရွက်ပေးသွားမှာပါ”ဟု ပြောသည်။
ယင်းချေးငွေ စာချုပ်ကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က သဘောတူညီခဲ့ပြီး ဝန်ကြီးဌာနများက လုပ်ငန်း စတင် ဆောင်ရွက်သည်နှင့် ဘတ်ဂျက် စတင် သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်က ချေးသည့် ကန်ဒေါ်လာ သန်း ၄၀၀ တွင် သန်း ၃၁၀ ကို လက်ရှိ လျှပ်စစ်ဓာတ်အားစနစ် တိုးချဲ့ဆက်သွယ်ပေးရန်အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး သန်း ၉၀ ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဓာတ်အားစနစ် ပြင်ပရှိ ကျေးရွာများ ဆိုလာစနစ်၊ ရေအား အသေးစား စနစ်တို့ဖြင့် မီးလင်းရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည့် ကန်ဒေါ်လာ သန်း ၃၁၀ တွင် သန်း ၃၀၀ ကို လျှပ်စစ်ဓာတ်အားစနစ် တိုးချဲ့ဆက်သွယ်ပေးရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ကျန် ၁၀ သန်းကို ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများ၏ Capacity Building နှင့် နည်းပညာ အကူအညီများ တပ်ဆင်ရာတွင် အသုံးပြုသွားမည်ဟု သိရသည်။
ထို့ပြင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့် သန်း ၉၀ တွင် သန်း ၈၀ ကို ကျေးရွာများ မီးလင်း ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန် ၁၀ သန်းကို ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများ၏ Capacity Building နှင့် နည်းပညာ အကူအညီများ တပ်ဆင်ရာ တွင် အသုံးပြုသွားမည်ဟု သိရသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၃၁၀ ဖြင့် ဓာတ်အားစနစ်မှ တိုးချဲ့၍ ဓာတ်အား ဆက်သွယ်ပေးမှု လုပ် ငန်းများကို ဆောင်ရွက်ရာတွင် လက်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံမှ ၁၁ မိုင် ပတ်လည်အတွင်းရှိ ကျေးရွာများ၊ လက်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းမှလည်း ၂ မိုင် ကွာဝေးသည့် ကျေးရွာများသို့ ပထမအဆင့်၊ ၅ မိုင် ကွာဝေးသော ကျေးရွာများသို့ ဒုတိယအဆင့်၊ ၃၃ ကေဗွီနှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ အသစ် တည်ဆောက်ပြီး ဓာတ်အားပေးနိုင်သော ကျေးရွာများသို့ တတိယအဆင့် ဓာတ်အားပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
“ကျနော်တို့ ရွာကတော့ အခုချိန်ထိ မီးမရသေးဘူး။ မဟာ ဓာတ်အားလိုင်းနဲ့တော့ ရွာက ၆ မိုင်လောက် ဝေးလိမ့်မယ်။ မီးမရတော့ လပြည့်၊ လကွယ်တွေမှာ ကိုယ့်မီးစက်နဲ့ကိုယ် ကိုယ်ထူကိုယ်ထ မီးပေးတာမျိုးတော့ ရှိတယ်”ဟု တွံတေးမြို့နယ် အမ္မတီ ကျေးရွာမှ ကိုထွန်းဦးက ပြောသည်။
ပြည်တွင်း၌ လက်ရှိ ဓာတ်အားစနစ်မှ မီးလင်းပြီး မြို့ပေါင်း ၂၆၉ မြို့၊ မီးလင်းပြီး ကျေးရွာပေါင်း ၇၉၂၀ ရွာနှင့် မီးလင်းပြီး အိမ်ထောင်စုပေါင်း ၃၅၃၅၅၉၇ ဦး ရှိကြောင်း၊ ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း ကျေးရွာပေါင်း ၅၀၈၀ ရွာ မီးလင်းရေး ဆက်လက်ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပြောသည်။
၂၀၃၀ ခုနှစ်တွင် တနိုင်ငံလုံး၏ ၉၉ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။