Ethnic Issues

TNLA နှင့် RCSS/SSA တို့ တိုက်ပွဲပြန်ဖြစ်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် (တအောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)တို့အကြား ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား နေကြောင်း သိရသည်။

RCSS/SSA နှင့် TNLA တပ်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ကန်ငေါ့ကျေးရွာ ဝန်းကျင်၌ ဖေဖော်ဝါရီလ ၂၈ ရက် နေ့က နှစ်ဖက် ထိပ်တိုက်တွေ့၍ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲကြောင့် RCSS/ SSA ဖက်မှ ၂ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်သည်။

RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလက တိုက်ပွဲဖြစ်ပွားမှု မှန်သော်လည်း ၎င်းတို့ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိ/မရှိ ဆိုသည်ကို အတိ အကျ မသိရသေးကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားရခြင်းသည် TNLA က စတင် တိုက်ခိုက်၍ ဖြစ်ကြောင်း ပြောသည်။

ဗိုလ်မှူးကြီးစိုင်းလက“တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက်ဆိုရင် တိုက်နေတဲ့ ၂ ဖွဲ့က ခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံဆွေးနွေးမှ ဖြစ်မှာ ပါ။ နောက်တခုက အဲဒီနယ်မြေက ကျနော်တို့ တပ်တွေ ဆုတ်ခွာပေးဖို့ ဆိုတာလည်း တည်ငြိမ်မှုတွေ မရှိရင် မဖြစ်နိုင်သေးပါဘူး။ ဒေသ ခံ ပြည်သူတွေကို ဘယ်သူတွေက လုံခြုံရေး ယူပေးမှာလဲ၊ အစိုးရတပ်ကလည်း နယ်မြေအားလုံးကို လုံခြုံရေးယူပေးဖို့ ဆိုတာ မဖြစ်နိုင် သေးဘူး”ဟု ဆိုသည်။

TNLA နှင့် (RCSS/SSA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးနေရသည်ဟုဆိုကာ ထိုနယ်မြေများသို့ အစိုးရတပ်များ လာရောက် ရှင်းလင်းမည်ဖြစ်၍ RCSS/SSA နှင့် TNLA တပ်များအနေဖြင့် ထိုနယ်မြေများမှ ထွက်ခွာပေးရန် အစိုးရ တပ်မတော်ဘက်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတိပေးထားသည်။

စစ်ပွဲများ ဖြစ်ပွားနေသည့် နယ်မြေများ၌ TNLA အဖွဲ့သည် ဒေသခံတချို့အား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် ဒေသ ခံများ လုံခြုံရေးအတွက် RCSS/SSA တပ်များ လိုအပ်ကြောင်း၊ နယ်မြေအားလုံးတည်ငြိမ် အေးချမ်းသွားပါက ၎င်းတို့တပ်များ ဆုတ်ခွာ သွားမည် ဖြစ်ကြောင်း လက်ရှိတွင် အစိုးရစစ်တပ်နှင့်၎င်းတို့ တပ်များအကြား ထိတွေ့ တိုက်ခိုက်မှု မရှိကြောင်း ဗိုလ်မှူးကြီးစိုင်းလက ပြောသည်။

၎င်းက“ဒေသခံ ပြည်သူတွေကလည်းပဲ လုံခြုံရေး ယူပေးဖို့ ကျနော်တို့တပ်တွေကို တောင်းဆိုထားပါတယ်”ဟု ဆိုသည်။

TNLA ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးတာဘန်လက ၎င်းတို့အနေဖြင့် ဒေသခံ ပြည်သူများအား ဖမ်းဆီးမှု၊ အနိုင်ကျင့်မှုများ လုံး၀ မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး တာပန်လက“ကျနော်တို့ တပ်တွေက ဒေသခံတွေကို ဖမ်းဆီးတာ မရှိပါဘူး။ တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက်လည်းပဲ နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ စီစဉ်နေကြပါတယ်”ဟု ဆိုသည်။

ထို့အတူ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ စသည့် မြို့များတွင်လည်း အစိုးရ စစ်တပ်အင်အား ပိုမိုတိုးချနေကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းတွင် အစိုးရတပ်အင်အား ၂၀၀၀ ဝန်းကျင်သာရှိပြီး ယခုအခါ ၃၀၀၀ ဝန်းကျင်အထိ တိုးချနေကြောင်း၊ ထို့ကြောင့် TNLA နှင့် အစိုးရ စစ်တပ် တို့ အကြား ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရတပ်များ အလုံးအရင်းနှင့် ရောက်ရှိလာသည့်အတွက် ထိုနယ်မြေများ၌ တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်သည်ဟုလည်း ဗိုလ်မှူး တာဘန်လက ဧရာဝတီသို့ ပြောသည်။

နမ့်ဆန်မြို့နယ် တောင်သုံးဆယ် ကျေးရွာနှင့် ကွယ်ဟယ် ကျေးရွာအကြားတွင် အစိုးရ တပ်မတော်၊ တပ်မ ၇၇ လက် အောက်ခံ တပ်ရင်းတချို့နှင့် TNLA တပ်တို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အစိုးရစစ်တပ်မှ ၅ ဦး ကျဆုံးကြောင်း TNLA က ဆိုသည်။

TNLA နှင့် RCSS/SSA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများထွက်ပြေးနေရသည်ဟုဆိုကာ၊ ထိုနယ်မြေများသို့ အစိုးရတပ်များ လာရောက် ရှင်းလင်းမည်ဖြစ်ကြောင်း၊ ထိုနယ်မြေများမှ TNLA နှင့် RCSS/SSA တပ်များ ဆုတ်ခွာပေးရန် သတိပေး ထားပြီး မဆုတ်ခွာပါက တပ်မတော်အနေဖြင့် တိုက်ခိုက် ရှင်းလင်းသွားမည် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြော ဆိုခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲနှင့် နမ့်ဆန်မြို့စသည့် မြို့နယ်တို့၌ RCSS/SSA နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ၄၀၀၀ ဝန်းကျင်သည် အိုးအိမ် စွန့်ခွာ၍ စစ်ဘေး ခိုလံှူနေကြရသည်။ ၎င်းတိုက်ပွဲများသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

Loading